ဖမ်းဆီးခံလိုက်ရတဲ့ DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်း မိသားစုနဲ့ အဆက်အသွယ်မရ
2023.10.30

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ မိသားစုနဲ့ အခုအထိ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့ကို ဖမ်းဆီးထားတဲ့ စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းကို မိသားစုဝင်တွေ သွားရောက်ခဲ့ပေမယ့် မတွေ့ရဘဲ ပြန်လာခဲ့ရတယ်လို့ ဖမ်းဆီးခံထားရတဲ့ ကိုထက်အောင်ရဲ့အမေ ဒေါ်မအေးရီက RFA ကို ပြောပါတယ်။
“သားလေးအတွက် မနက်စာသွားပေးတော့ တွေ့လို့မရဘူးဆိုပြီး ပြန်လာခဲ့ရတယ်။ အခု နေ့လယ်စာ သွားပေးတော့လည်း သူတို့ကို စစ်ဆေးဖို့ စရဖရုံးကို ခေါ်သွားတယ်တဲ့။ သားလေးအတွက် စိုးရိမ်နေတယ်။ သူ့မှာက ကျောင်းလည်း တစ်ဖက်နဲ့လေ။ မြန်မာစာမေဂျာနဲ့ အဝေးသင် ဒုတိယနှစ်တက်နေတာပါ”
သတင်းထောက် ကိုထက်အောင်ဟာ စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဓာတ်ပုံသတင်းသွားယူ နေချိန် ဖမ်းဆီးခံလိုက်ရတာပါ။
အဲဒီနောက် DMG ရုံးကို စစ်ကောင်စီတပ်သားတွေအပြင် ရဲ၊ အထူးစုံစမ်းရေးတပ်ဖွဲ့ (စစစ)၊ အထူးရဲတပ်ဖွဲ့ (SB) က အင်အားနှစ်ဆယ်လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ညစောင့်ဝန်ထမ်းကိုပါ ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒါ့အပြင် ရုံးမှာရှိတဲ့ ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားသလို ရုံးကိုပါ ချိပ်ပိတ်သွားတယ်လို့ DMG သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ လွတ်လပ်စွာသတင်းရေးသားနေတဲ့ သတင်းဌာနတွေကို အကြမ်းဖက်ဖိနှိပ်တာလို့ DMG သတင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီလို သတင်းထောက်ကိုဖမ်းတာ၊ ဝန်ထမ်းတွေကိုဖမ်းတာ၊ ရုံးကို အင်အားနဲ့ စီးနင်းတာတွေကို ကျွန်တော်တို့ ရှုတ်ချတယ်။ ဒါဟာ အကြမ်းဖက်တာပဲ။ သူတို့ ဘယ်လိုပဲ ဖိနှိပ်ပါစေ ကျွန်တော်တို့ကတော့ မြေပြင်က သတင်း အမှန်တွေကို ရတဲ့နည်းနဲ့ ရေးသားဖော်ပြနေမှာပါ”
လက်ရှိမှာတော့ DMG သတင်းဌာနရဲ့ သတင်းထောက်တွေ ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးမှုနဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီဘက်ကလည်း DMG သတင်းဌာနကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်ကလည်း DMG သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာတစ်ဦးနဲ့ သတင်းထောက် တစ်ဦး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။
အလားတူ DMG သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်မင်းဦးလည်း မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့် ခံထားရပါတယ်။