စစ်အာဏာသိမ်းတာဆန့်ကျင်တဲ့ ရဲဝန်ထမ်း ညီအစ်ကိုနှစ်ဦး အဖမ်းခံရ

2021.02.04

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့တဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်က ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုနှစ်ဦး ဖေဖော်ဝါရီလ ၃ ရက် မနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

ရဲတပ်သားသူရိန်လင်းနဲ့ ဒုတပ်ကြပ် တာရာလင်းတို့ နှစ်ဦးဟာ ညပိုင်း တာဝန်ချိန်ကျချိန်အတွင်း အဖမ်းခံလိုက်ရတာလို့ ဖခင်ဖြစ်သူ ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်စင်က RFA ကို ပြောပါတယ်။

“သားတွေက ဝန်ထမ်းတွေ ဆိုတော့ တာဝန်ကျတယ်။ တာဝန်ကျတာနဲ့ သူတို့ကို ဂျူတီချိန်မှာပဲ မနေ့ညက ဖမ်းလိုက်တာ" လို့ ဦးသန့်စင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာ ဖမ်းဆီးခံရစဉ် ရဲတပ်သားသူရိန်လင်းက သူ့ရဲ့ Facebook စာမျက်နှာကတဆင့် စက္ကန့်ပိုင်းကြာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

"ကျနော်တို့ ညီအကိုနှစ်ယောက်လုံးကို အခုလာဖမ်းပြီး အချုပ်ထဲထည့်နေတယ်၊ ကျနော်တို့နိုင်ငံမှာ အာဏာရှင်ဟာ လူပါးဝနေတယ်၊ အာဏာရှင် ကျဆုံးပါစေ" ဆိုပြီဂ ရဲတပ်သားသူရိန်လင်းက အဲ့ဒီဗီဒီယိုမှာ ပြောထားပါတယ်။

သားနှစ်ယောက်နဲ့ ပတ်သက်ပြီး ဦးသန့်စင်က " ဒီစစ်အုပ်ချုပ်ရေးကို လက်မခံလို့ ကျနော့်သားအကြီးကောင်က အလုပ်ကနေ ထွက်လိုက်တယ်။ သားအငယ်ကောင်ကလည်း ပြည်သူကကျွေးထားတဲ့ ထမင်းကိုစားနေတာ၊ စစ်အာဏာရှင်ကို အလုပ်အကျွေးပြုဖို့ မဟုတ်ဘူး။ ဒီစစ်အုပ်ချုပ်ရေးကို လက်ခံကြောင်း သူတို့ Facebook မှာတင်တာ သူတို့လူငယ်တွေရဲ့ တုံ့ပြန်မှုပဲ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက် ဖိနှိပ်မှုအားလုံးကို အသက်နဲ့ ခန္ဓာရှိသမျှ ကာကွယ် စောင့်ရှောက်သွားမယ်လို့ အဓိဌာန်ပြုပါတယ်လို့ တင်တာနဲ့ ကျနော့်သား နှစ်ယောက်လုံးကို ဖမ်းထည့်လိုက်တာပဲ"… လို့ပြောပါတယ်။

ဦးသန့်စင်ကိုယ်တိုင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ က နုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။

အာဏာရှင် အလိုမရှိကြောင်း ထုတ်ဖော်ရေးသားလို့ ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုနှစ်ဦးထဲက အစ်ကိုဖြစ်သူ ရဲတပ်သားသူရိန်လင်းဟာ ရဲဝန်ထမ်း လုပ်သက် ၇ နှစ် ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မကျေနပ်လို့ နုတ်ထွက်စာ တင်ထားချိန်မှာ ဖမ်းဆီးခံရတာပါ။

ညီဖြစ်သူ ဒုတပ်ကြပ် တာရာလင်း ကတော့ ရဲဝန်ထမ်းလုပ်သက် ၄ နှစ် ရှိပြီဖြစ်ပြီး မကြာခင် ဒု-ရဲအုပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမယ့်သူတစ်ဦး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုနှစ်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ ကြံခင်းမြို့မရဲစခန်းက တာဝန်ရှိသူက ပြောကြောင်း ဖခင်ဦးသန့်စင်က ပြောပါတယ်။

သားဖြစ်သူ ညီအစ်ကိုနှစ်ဦးကို ဒီကနေ့ ဦးသန့်စင် သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။

ဒီညီအစ်ကိုနှစ်ယောက် ဖမ်းဆီးခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး RFA က ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဒီအမှုနဲ့ပတ်သက်ပြီး မရှိသေးဘူးလို့ဆိုပါတယ်။

ကြံ့ခင်းမြို့နယ် ရဲစခန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ကိုမင်းမင်း
2021-02-04 09:59

သည်ရဲတပ်ဖွဲ့ဝင်ညီအကိုနှစ်ယောက်ရဲ့လုပ်ရပ်ကိုလေးစားဂုဏ်ယူပါတယ်။
ပြည်သူ့ရဲတွေအပါအဝင်နိုင်ငံဝန်ထမ်းတွေအားလုံးစစ်အာဏာရှင်စနစ်သက်ဆိုးမရှည်ဖို့နဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်ဒီမိုကရေစီကိုကာကွယ်ဖို့ယခုပြုလုပ်နေတဲ့ Social Disobedience Campaign မှာပါဝင်ပေးကြပါလို့အလေးအနက်တိုက်တွန်းပါတယ်။

Zin Min Lwin
2021-02-04 10:03

The people are losing their freedom

Latt Latt
2021-02-04 10:44

လေးစားပါတယ် မောင်လေးတို့ရေ မတရားမှုကို သတ္တိရှိရှိ ဖော်ပြဝံ့တာ အဲဒါမှ တိုင်းရင်းသားစိတ်ဓာတ်ကွ။

THEIN WIN
2021-02-04 19:41

Congratulation brothers for stand with people.
We must brave with Daw Aung San Suu Kyi and NLD Leaders

Anonymous
2021-02-05 01:09

Thanks you RFA