စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ်

2021.05.28
စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ် မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်။
Photo: Citizen Journalist

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို စစ်ကောင်စီဖွဲ့စည်းထားတဲ့ မကွေးမြို့ အထူးတရားရုံးက မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်၊ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

မကွေးမြို့က ဖမ်းဆီးခံထားရသူတွေထဲမှာ ပထမဦးဆုံး အမိန့်ချမှတ်ခံရတာလို့လည်း ဆိုပါတယ်။

ဦးနေမျိုးကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မကွေးမြို့ ဆန္ဒပြပွဲကအပြန် အရပ်ဝတ်လူတစုက ဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်း တရားစွဲထားပါတယ်။

မကွေးတိုင်းမှာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက မကွေးထောင်မှာ ဖမ်းဆီးထားပြီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံထားရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ်ဦး၊ ၅၀၅ (က)/ (ဂ) နဲ့ ၁၁ ဦး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ (၂၅) နဲ့ ခြောက်ဦး ဖမ်းဆီး တရားစွဲခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။