ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေကို ထောင်တွင်းတရားရုံးမှာစစ်ဆေး

2021.05.28
ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေကို ထောင်တွင်းတရားရုံးမှာစစ်ဆေး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
File Photo: RFA

မန္တလေးအကျဉ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ အိုးဘိုထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပိန်သွားတယ်။ အရမ်းပူတော့ နေလို့မရဘူးပြောတယ်။"

မန္တလေးတိုင်း လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စိုက်ပျိုးရေး-မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း တို့ ကျန်းမာရေးမကောင်းတဲ့အတွက် ထောင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"ဦးဇာနည်အောင်ကတော့ ဒီကနေ့ ဆေးရုံက ဆင်းရပြီ။ ကျန်တဲ့သူတွေကတော့ မဆင်းရသေးဘူး။ နောက်လ ၈ ရက်နေ့ ရုံးချိန်းမှာ သက်သေတွေ စစစ်မယ်"

ဒီကနေ့ရုံးချိန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ ဒေါက်တာဇော်မြင့်မောင် အပေါ် စွဲဆိုထားတဲ့ အမှုတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်လို့ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ရာမှာ လာမယ့် ၃၁ ရက်နေ့ကျရင် မန္တလေးခရိုင်တရားရုံးက အမိန့်ချမယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အကျယ်ချုပ်ထားရှိတဲ့ လွှတ်တော်ဧည့်ရိပ်သာကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မန္တလေးအကျဉ်းထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။