ဖြည့်စွက်တောင်းခံငွေ မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး လွှတ်တော်မှာတင်ပြ

သီဟထွန်း
2020.05.27

တပ်မတော်သားတွေဟာ ကပ်ရောဂါကာလမှာတောင် နယ်စပ်ဒေသတွေမှာ တိုင်းပြည်တာဝန်ကို အသက်စွန့်ပြီး ထမ်းဆောင်နေရတာကြောင့်၊ ဖြည့်စွက်ခွင့်ပြုငွေကို မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး ထဲက၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့၊ ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး (၁၉၇,၆၈၈.၉၈၅ ) ထဲက၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်ဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အစိုးရရဲ့ “အာမခံချက်များ၊ ကတိကဝတ်များနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ၊ NLD ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က၊ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေထဲက၊ ကျပ်သန်းပေါင်း ၂၂,၇၀၀ ကို ဖြတ်တောက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မေလ ၂၂ ရက်နေ့က တင်ပြခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ ကပ်ရောဂါကာလဖြစ်ပေမယ့် တပ်မတော်သား တွေ အနေနဲ့၊ နိုင်ငံတော် လုံခြုံရေးနဲ့ အစိုးရယန္တရား လည်ပတ်ရေးအတွက် နယ်စပ်ဒေသတွေမှာ နေ့စဉ် တာဝန် ထမ်းဆောင်နေတာဖြစ်လို့ ဒီတောင်းခံငွေကို မဖြတ်တောက်ဖို့ တင်ပြသွားပါတယ်။

"လွှတ်တော် ကိုယ်စားလှယ်တော်ကြီးက ကိုဗစ်ကြောင့် ခရီးသွားလာနိုင်ခွင့်မရှိဟုဆိုသော်လည်းပဲ ကျနော် တို့ရဲ့ စစ်သည်တော်များဟာ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသတွေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တည်မြဲခိုင်မာနေဖို့ နေ့စဉ်နဲ့အမျှ တိုင်းပြည်တာဝန်ကို သက်စွန့် ကြိုးပမ်း ထမ်းဆောင်နေကြရလျက် ရှိပါတယ်။ ကြုံကြိုက်လို့ တင်ပြရရင် အေအေ အကြမ်းဖက် သောင်းကြမ်းသူများ တိုက်ခိုက်မူနဲ့ ကစ္ဆပနဒီမြစ် ရေကြောင်းကြပ်တဲ့ အခြေအနေများအရ ချင်းပြည်နယ် ပလက်ဝမြို့သို့ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုပြီး ဆောင်ရွက်လျက်ရှိရာမှာ တပ်မတော်သားများအတွက်သာမက ဒေသခံများ၊ နိုင်ငံဝန်ထမ်းများ၊ ဘဏ်ငွေများ၊ အခြေခံပညာ အထက်တန်းစာမေးပွဲ မေးခွန်းများ၊ အဖြေလွှာများ စသဖြင့် နိုင်ငံတော်အတွက် လိုအပ်တဲ့ အထောက်အကူများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက် ရှိကြောင်း တင်ပြလိုပါတယ်။"

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံဘဏ္ဍာကို ဖြုန်းတီးခြင်း မရှိသလို၊ နိုင်ငံတကာနဲ့ အိမ်နီးချင်း တိုင်းပြည်တွေ က အစိုးရတပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောသွားပါတယ်။

အခု တောင်းခံငွေထဲမှာ ပလက်ဝမြို့နယ်က ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို၊ ရဟတ်ယာဉ်တွေ သုံးပြီး ထောက်ပံ့ပေးရတဲ့ ကုန်ကျစရိတ်တွေ ပါဝင်ကြောင်းနဲ့ အစိုးရရဲ့ တစ်ခြား ဝန်ကြီးဌာနတစ်ခုမှာ ရဟတ်ယာဉ် တစ်စီး ဝယ်ယူထားတာလည်းရှိလို့၊ ရဟတ်ယာဉ်အတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာစေလိုတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းခံငွေစာရင်းထဲမှာ ဓာတ်ဆီ၊ စက်သုံးဆီ အသုံးစရိတ်၊ ခရီးစရိတ်၊ နေ့တွက် စရိတ်၊ အမှုထမ်းပို့ဆောင်ရေး၊ အဆောက်အဦ ထိန်းသိမ်းရေး၊ ပညာရှင်ငှားရမ်းခ ၊ တပ်မြို့ စည်ပင်သာယာရေး အတွက် လိုအပ်ငွေ၊ တပ်သိမ်းမြေတွေအတွက် မြေယာလျော်ကြေးပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဖြည့်စွက် ခွင့်ပြုငွေထဲကနေ၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်မယ်လို့ လွှတ်တော်မှာ ပြောပါတယ်။

"ပညာရှင် ငှားရမ်းခကိုတော့ မူလပြင်ဆင်အဆိုပြုတဲ့အတိုင်း ကျပ် သန်း ၃၀၀ စိစစ်လျှော့ချဖို့၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၀၀၀ ကျနော်တို့ စိစစ်လျော့ချဖို့ ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြင်ဆင် အဆိုပြုချက်မှာ စိစစ်ဖြတ်တောက်တဲ့ ကျပ်သန်းပေါင်း ၆၀၀၀ အပါအဝင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီစစ်ဖြတ်တောက်ချက် ကျပ်သန်းပေါင်း ၄၆၀၀ နဲ့ ပေါင်းမယ်ဆိုလို့ရှိရင် ကာကွယ်ရေးဝန်ကြီးဌာနကို စိစစ်ဖြတ်တောက်တဲ့ ငွေစုစုပေါင်းဟာ ကျပ်သန်းပေါင်း တစ်သောင်းနဲ့ခြောက်ရာ ( ၁၀, ၆၀၀ ) ဖြစ်မှာ ဖြစ်ပါတယ်။"

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်အလိုက် ဘတ်ဂျက်တောင်းခံမူနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ “ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့‌ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်ကတော့၊ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ရန်ပုံငွေ ဘယ်လောက်တောင်းခံခဲ့တယ်ဆိုတာ မမှတ်မိပေမယ့်၊ တောင်းသမျှကို ဖြတ်တောက်တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်သန်းပေါင်း ၂၂,၇၀၀ကို လျှော့ချဖြတ်တောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က တင်ပြခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကျပ်သန်းပေါင်း ၁၀,၆၀၀ သာ လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

နေ့လယ်ပိုင်း လွှတ်တော်အစည်းအဝေး ပြန်စချိန်မှာတော့ လွှတ်တော်က အခုလို ဖြတ်တောက်တာကို ကန့်ကွက်ဖို့ မရှိဘူးလို့၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားသွားပါတယ်။

ဒီနေ့ လွှတ်တော်အစည်းအဝေးကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၁၁ ခုက တာဝန်ရှိသူတွေ လာရောက် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်ချက်ကို၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ၊ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။