ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံမည်


2014.11.26
dassk-kawmu-305.jpg ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ Hospitality and Catering Training Academy သင်တန်းကျောင်းဖွင့်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၀ နဲ့ မနက်ဖြန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၀ ကို ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က ပြောပါတယ်။

"ပထမဦးဆုံးအကြိမ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့  NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒါပေမဲ့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင် တာပေါ့၊ တွေ့ဖို့အတွက် ပြင်ဆင်ကြတယ်၊ မနက်ဖြန် ၇ဝ အတွက် ဖိတ်ဖို့ပြင်ထားမယ်၊ သူတို့ဘက်က သူတို့ဘာသာသူတို့ ရွေးလိမ့်မယ်၊ ပထမဆုံး အကြိမ် တွေ့ဆုံခြင်းပေါ့၊ ကျနော်တို့ဖက်က အမြဲတမ်းဖွင့်ထားတာပဲ၊ ပထမဆုံးအကြိမ်တွေ့ တဲ့ နှုတ်ဆက်ပွဲဖြစ်မှာပါ၊ တိကျတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲ မဟုတ်ပါဘူး"

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖိတ်ကြားထားတာ မှန်ကန်ကြောင်း RFA ကို အတည်ပြု ပြောပါတယ်။

"ဖိတ်တော့ဖိတ်ထားတာပဲ၊ မနက်ဖြန်ကြည့်သေးတာပေါ့၊ ဖိတ်တာ ရိုးရိုးထမင်းစားဖို့ ဖိတ်တာပါ၊ ဘာမှဆွေးနွေးပွဲတွေ ဘာတွေမဟုတ်ပါဘူး"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။