ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅ဝ၅(ခ)အတွက် စတင်စစ်ဆေး

2021.06.15

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှု ခုနှစ်မှုထဲက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေး အန္တရာယ် ပုဒ်မ (၂၅) အတွက် နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဒီနေ့ညနေပိုင်းမှာ သတင်းထောက်တွေကို အခုလိုရှင်းပြပါတယ်။

"ဒီနေ့ကတော့ အမေအပါအဝင် ဦးဝင်းမြင့်ရယ် ဒေါက်တာမျိုးအောင်ရယ် သုံးယောက်စလုံးနဲ့ ကျမတို့ ရှေ့နေလေးယောက်နဲ့ တွေ့ဆုံရပါတယ်။ တွေ့ဆုံပြီး ၅ဝ၅(ခ)နဲ့ ပတ်သက်တဲ့အမှုအတွက် ကျမတို့ ဆွေးနွေးရပါတယ်။ တိုင်ပင်ရပါတယ်။ ဒီနေ့ရုံးချိန်းမှာ ၅ဝ၅(ခ)ကို အရင်ဆုံး စစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး စစ်တဲ့အခါ တရားလို ဦးစိုးစိုးရွှေကို ပထမဆုံးစစ်ပါတယ်။ ဦးစိုးစိုးရွှေကို စစ်ပြီးတော့ တရားခွင် ခနနားပါတယ်။ နားပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့ ရာဇဝတ်ကြီး အမှုအမှတ် ၇၁/၂ဝ၂၁ နဲ့ ပတ်သက်ပြီးတော့ တရားလို ဦးထွန်းမြင့်အောင်(ခ) ဦးညီညီကို ကျမတို့ စစ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ အဓိက စစ်မေးခြင်းပဲ ပြီးပါတယ်။ အပြန်အလှန် စစ်မေးတဲ့အပိုင်းကတော့ နောက်ရုံးချိန်းမှာပဲ ရွှေ့ဆိုင်းလိုက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေနေ့ ဇွန်လ ၁၉ ရက်မှာ အသက် ၇၆ နှစ်ပြည့်မှာဖြစ်ပြီး၊ အခုဆိုရင် အာဏာသိမ်းစစ်ကောင်စီက သူ့ကို ပုဒ်မ ၇ ခုနဲ့တရားစွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။