ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ထွက်ခွာ
2013.04.12

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရက်သတ္တပတ်တစ်ပတ်ကြာ ခရီးစဉ်အတွင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်င်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုအားကောင်းလာတဲ့အချိန်မှာ သွားရောက်တာဖြစ်တဲ့အတွက် ဒီခရီးစဉ်ဟာ “ဂုဏ်ထူးဆောင် သံတမန်တစ်ဦး” သဘောမျိုးဖြစ်ပြီး ဂျပန်အစိုးရနဲ့ နိုင်ငံသားတွေက သူ့ကိုလေးစားကြတဲ့အတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့ Temple တက္ကသိုလ်က ပါမောက္ခ Jeff Kingston က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ လျော်ပစ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် ချေးငွေပြန်လည်ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသီတာဝန် ထမ်းဆောင်ခဲ့ပြီး၊ နှစ်ပေါင်း ၂၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်တာဖြစ်ပါတယ်။
သူဟာ ခရီးစဉ်အတွင်း ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်တဲ့အပြင် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြှပ်နှံမှုတွေမှာ ရန်ကုန်တိုင်းအတွင်းက သီလဝါ စက်မှုဇုန်စီမံကိန်း၊ ဂျပန် မစ်ဇူအီကုမ္ပဏီက မြန်မာ့ဆန်ဝယ်ယူဖို့ သဘောတူညီချက်တွေအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်မှာ ဆန်ကြိတ်ခွဲစက်ရုံ ၄ ခု တည်ဆောက်ဖို့ ပြင်ဆင်မှုတွေလည်း ပါဝင်ပါတယ်။
အလားတူလာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ရှယ်ယာဈေးကွက်တစ်ခု ဖြစ်လာရေးအတွက် ဂျပန် Tokyo Stock Exchange နဲ့ Daiwa ကုမ္ပဏီတွေက ပြင်ဆင်နေပါတယ်။