ဘေးစီမံအမှုအတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ထုချေ

2021.11.02
ဘေးစီမံအမှုအတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ထုချေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Pool

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုစွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုနဲ့ ပတ်သက်လို့ ပြန်ခေါ်သက်သေ သုံးဦးဖြစ်တဲ့ တရားလို ဦးညီညီ၊ တရားလိုပြသက်သေ ဦးဝေလွင်ဦးနဲ့ ဒုရဲမှူးကြီး သန်းအေးကိုကို အပြန်အလှန်စစ်မေးခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ “သူမကျူးလွန်လို့ အပြစ်မရှိဘူး” လို့ ဒီနေ့ ရုံးတော်မှာ ထွက်ဆိုခဲ့ကြောင်း ရှေ့နေအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် စုံစမ်းသိရှိရပါတယ်။

အဲဒီအမှုကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံရသူတွေဘက်က သက်သေတွေ စာရင်းကို တရားရုံးကို တင်ပြရမှာဖြစ်ပါတယ်။

သုံးဦးစလုံးကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုမှာတော့ ဒေါက်တာ မျိုးအောင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတုန်းက သူ့ကိုဖမ်းဆီးခဲ့တဲ့အကြောင်းတွေကို ရုံးတော်မှာ ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခုအမှုဟာ သုံးဦးစလုံးကို ဖမ်းဆီးထားချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့နေမှာ စစ်သားတွေနဲ့ စစ်ကားတွေ ရပ်ထားတာကို လှမ်းမြင်ရလို့ သူ့အိမ်ရှေ့ကို ထွက်ကြည့်ထဲအခါမှာလည်း စစ်ကားတွေ ရပ်ထားတာကို တွေ့ခဲ့ရကြောင်း ဒေါက်တာ မျိုးအောင်က ထွက်ဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်နဲ့ ဒေါက်တာ မျိုးအောင်နေအိမ်တို့ဟာ ခြံခြင်းကပ်လျက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကိုသွားချိန်မှာ စစ်သားတွေက သူ့ကိုတားခဲ့ကြောင်း ထွက်ဆို နေစဉ်မှာပဲ တရားလိုရဲ့ဥပဒေအရာရှိက အမှုနဲ့မဆိုင်တာတွေမထွက်ဆိုဖို့ ကန့်ကွက်ခဲ့ပေမယ့် အမှုနဲ့ ဆိုင်တဲ့အကြောင်း စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက ပြန်လည်ချေပတာကြောင့် တရားသူကြီးက ဒေါက်တာ မျိုးအောင်ကို ဆက်လက်ထွက်ဆိုခွင့်ပေးခဲ့ပါတယ်။

ဒေါက်တာ မျိုးအောင်ဟာ အာဏာသိမ်းတဲ့ရက် အဖြစ်အပျက်တွေကို ရုံးတော်မှာထွက်ဆိုခဲ့ပြီး ဖမ်းဆီးခံရပြီး နောက်ပိုင်းဖြစ်တဲ့ ကြေညာချက်တွေကိစ္စဟာ သူနဲ့သက်ဆိုင်ခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

တရားလိုဘက်က ဒေါက်တာ မျိုးအောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူကာကွယ်ရေးတပ် (PDF) အကြောင်းတွေကို သိလားလို့မေးတဲ့ခါ သူမသိကြောင်း ပြန်လည်ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခုအမှုနဲ့ပတ်သက်လို့ လာမယ့်ရုံးချိန်းဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးရာမှာဖြစ်ပြီး နိုဝင်ဘာလကုန်လောက်မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။