ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ လျှို့ဝှက်အက်ဥပဒေ အမှုအတွက် ဒီကနေ့ရုံးထုတ်

2021.09.23
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ လျှို့ဝှက်အက်ဥပဒေ အမှုအတွက် ဒီကနေ့ရုံးထုတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ ၂၀၂၁ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရန်ကုန်မှာဆန္ဒပြစဥ်
Photo: CJ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် အပါအဝင် ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ကို စွဲဆိုထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုအတွက် စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ နေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗီဒီယိုရုပ်သံစနစ် ( Video Conferencing) နဲ့ ရုံးထုတ်ခဲ့ပြီး အမှုမှာပါဝင်တဲ့ မစ္စတာရှောင်တာနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုတော့ ကိုဗစ် - ၁၉ ကာကွယ်တားဆီးရေး ဝတ်စုံပြည့်နဲ့ လူကိုယ်တိုင်ရုံးထုတ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ လူကိုယ်တိုင်ရုံးထုတ်လာတဲ့သူတွေကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံရတယ်လို့လည်း ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီအမှုကို အထူးတရားရုံးတွေ မပြုလုပ်ဘဲ နေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးမှာပဲ အပတ်စဉ် ကြာသ ပတေးနေ့တိုင်း စစ်ဆေးသွားမှာဖြစ်ပြီး အခုရုံးချိန်းမှာတော့ စွပ်စွဲခံရသူငါးဦးစလုံးအတွက် အကျိုးဆောင် ပေးမယ့်ရှေ့နေ အတည်ပြုတာတွေ လုပ်ခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ ရုံးထုတ်ချိန်မှာ စွပ်စွဲခံရသူတွေနဲ့ သူတို့ရဲ့ရှေ့နေတွေ လူချင်းတွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်ပေး မလားဆိုတာနဲ့ပတ်သက်ပြီး နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက် ကြားနာမယ်လို့ တရားရုံးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်မှာစွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၅ အမှုအတွက် လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ ရုံးချိန်းယူထားပြီး အဲဒီအမှုကိုလည်း နေပြည်တော်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောပါတယ်။

မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှုလေးမှုကိုတော့ နေပြည်တော်က အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ ပြီးခဲ့အပတ်မှာပဲ တရားရုံးက အမိန့်ချထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။