ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ တင်ပြထားပေမယ့် အကြောင်းမပြန်သေး

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.09.06
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ တင်ပြထားပေမယ့် အကြောင်းမပြန်သေး ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည်လွတ်မြောက်ဖို့ ရန်ကုန်မြို့ မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ရုံးပိတ်ရက်ရှည်တွေကို ကြေညာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေကို ရုံးထုတ်မစစ်ဆေးဖြစ်တာ အချိန်နှစ်လနီးပါး ကြာလာခဲ့ပါပြီ။

သူတို့ရဲ့အမှုတွေနဲ့ပတ်သက်လို့ ရှေ့နေနဲ့ အမှုသည်တွေ တိုင်ပင်စရာကိစ္စတွေရှိနေတာ၊ အသစ်တိုးလာတဲ့ အမှုတွေအတွက် မေးမြန်းစရာတွေ ရှိလာတာကြောင့် စက်တင်ဘာလ ၃ ရက်နေ့မှာ ရှေ့နေအဖွဲ့က လက်မှတ်ထိုးပြီး တွေ့ခွင့်ရဖို့အတွက် ရဲတပ်ဖွဲ့ကနေတဆင့် စာတင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ဒီနေ့ ပြောပါတယ်။

“အမှုကတော့ ပြောရမယ်ဆိုရင် ကြန့်ကြာနေတာပေါ့။ ကြန့်ကြာနေတဲ့ အတိုင်းအတာမှာ သူတို့ဒီ ရုံးပိတ် ရက်တွေနဲ့ ဆက်သွားတယ်လို့လည်း ပြောရမှာပေါ့။ ကြန့်ကြာနေတယ်။ ဒါကြောင့် ကျမတို့ တွေ့ခွင့် တောင်းထားတယ်။ ဒါတော့ ရှိတာပေါ့။ အမေတို့နဲ့ ကြားထဲမှာမတွေ့ရတာလည်းကြာပြီ ကြားထဲမှာ နောက်ထပ်တခြားအမှုတွေနဲ့ ပတ်သက်ပြီး တွေ့စရာရှိတဲ့ဟာလည်း တွေ့ခွင့်ကျမတို့ဘက်က တင်ပြထား တယ်ပေါနော်။ အခုလက်ရှိ အနေအထားက ဒါပဲရှိမှာ။ စက်တင်ဘာ ၃ ရက်နေ့ကတော့ တင်လိုက်တယ်။ ကျမတို့အားလုံး ရှေ့နေတွေ လက်မှတ်ထိုးပြီးတော့မှ၊ သူ့အရှေ့ကလည်း တင်သေးတယ်။ တင်ဖို့ပြောတဲ့ အခါကျတော့ ရှေ့နေလက်မှတ်ထိုး အကုန်လုံးမပါလို့ ကျမတို့ ရှေ့နေတွေ အကုန်လုံးကို ထိုးပေးပါပြော တော့ စက်တင်ဘာ သုံးရက်နေ့ကို ထပ်တင်တယ်ပေါ့နော်။ တင်လိုက်တဲ့ဟာကို ဘာမှအကြောင်းမပြန် သေးပါဘူး။ အခုချိန်ထိဘာမှ ပြန်ကြားခြင်းမရှိသေးဘူး”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ထဲက အထူးတရားရုံးမှာ ဒီနေ့ စက်တင် ဘာ ၆ ရက်နဲ့ မနက်ဖြန် ၇ ရက်နေ့တွေမှာ စစ်ဆေးမယ်ဆိုပြီး အရင်က ချိန်းဆိုထားပေမယ့် လာမယ့် စက်တင် ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေကို ထပ်ရွှေ့ထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

"ဆရာဝန်ကျပြန်တော့လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့နဂိုကတည်းက စစ်နေတဲ့ ဆရာဝန်လည်း မဟုတ်တော့ဘူးလေ"

အမှုမစစ်ဆေးဖြစ်တဲ့ အချိန်နှစ်လနီးပါး ကာလအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရတာကြောင့် ကျန်းမာရေး အခြေအနေ အပါအဝင် သူ့နဲ့သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေကို မသိရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“မသိရဘူးလေ။ မရဘူး ဘယ်လိုလို့ အဆက်အသွယ်ရမလဲ။ နေပြည်တော်ကျတော့ မသိနိုင်ဘူးလေ။ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ရောက မသိနိုင်ဘူး။ အခုက နှစ်လလောက်ဖြစ်သွားတဲ့ အခါကျတော့ သူတို့ စားဝတ်နေရေးပေါ့။ ကျန်းမာရေးပေါ့။ ဒါပဲရှိတယ်လေ။ ကျန်းမာရေးဆိုလည်း ကျန်းမာရေး ဆေး တွေကလည်း ပေးထားတာ တစ်လစာ နှစ်လစာတော့ ပေးထားတာပဲ။ ဆေးကလိုရင်လည်း ကိုယ်တို့က ရှာပေးရတာလေ။ ဆရာဝန်ကျပြန်တော့လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့နဂိုကတည်းက စစ်နေတဲ့ ဆရာဝန်လည်း မဟုတ်တော့ဘူးလေ။ အဲဒါဘယ်လို ဆရာဝန်လည်း ဘယ်လိုစစ်တယ် ဒါလည်းမသိ ဘူးလေ”

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ ရုံးပိတ်ရက်ရှည်တွေကို အချိန်ကာလ တိုးမြှင့် လိုက်တာက အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ကိုဗစ်-၁၉ ရောဂါကြောင့်လို့ ရုံးပိတ်တာတို့ဘာတို့ဆိုတာတော့ အကြောင်းပြချက်တစ်ခုအနေနဲ့ပေါ့ဗျာ။ ဒါပေမဲ့ နောက်တစ်ခု စဉ်းစားကြည့်မိတာကတော့ နိုင်ငံရေးအကြောင်းအချက်အရ ပြောရင်တော့ ခုလောလောဆယ် အရေးကြီးတဲ့ နိုင်ငံတကာ အဖြစ်အပျက်တွေပေါ့ တရုတ်သံ ဆွန်းကော့ ရှန်းက မြန်မာနိုင်ငံမှာ ခုနှစ်ရက်လောက် လာနေသွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာတို့ အခု အာဆီယံက အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာတို့ စသဖြင့်ပေါ့။ အဲဒီလိုအချက်အလက်တွေတွေကို ဒေါ်အောင်ဆန်းစုကြည် မသိစေချင်တဲ့ အတွက်ကြောင့်မိုလို့ ဒီချိန်မှာ ဟိုဟာဖြစ်သလားလို့ ကျနော်က ထင်မိတာပေါ့နော်”

နှစ်လလောက် ရှေ့နေတွေနဲ့ အလှမ်းဝေးနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို လူချင်း တွေ့ခွင့်ရရေး စီစဉ်နေတာနဲ့ပတ်သက်လို့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ပြင်ပလူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မရဘဲ အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရောက်မှ အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝင်းထဲက အဆောက်အအုံတစ်ခုကို သီးသန့်တရားရုံးအဖြစ် ပြောင်းလဲပြီး လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။ တစ်ပတ်ကို တနင်္လာနဲ့ အင်္ဂါ နှစ်ရက် အချိန်ယူပြီး ရုံးထုတ်စစ် ဆေးခဲ့တာပါ။

လူကိုယ်တိုင် စတင်ရုံးထုတ်ပြီး နောက်တစ်ပတ်အကြာမှာတော့ သူအပါအဝင် သူနဲ့ တစ်အိမ်တည်း နေထိုင်သူ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် မူလနေထိုင်ခဲ့တဲ့ နေပြည်တော် ဇမ္ပူသီရိမြို့နယ် မြနန်းဘုံသာလမ်း ခြံအမှတ် ၃၃ (A) ကနေ စစ်ကောင်စီက နေရာရွှေ့ပြောင်းခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် ၃၃ (A) ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သူပါအဝင် သူနဲ့ နေအိမ်အတူရှိနေတဲ့ သူတွေအားလုံးကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူလို့ရနိုင်သမျှအမှုတွေကို စစ်ကောင်စီက ရှာဖွေခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ၁၁ မှုနဲ့ တရားစွဲဆိုထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ တာကြောင့် အခုဆိုရင် သူအဖမ်းခံထားရတာ ရက်ပေါင်း ၂၁၈ ရက်ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။