ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းထပ်ရွှေ့

2021.08.16
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းထပ်ရွှေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂ UN ရုံးရှေ့မှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁၂ ရက် ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ရဲ့အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ အရင်က သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ဆေး မယ်ဆိုပြီး ချိန်းဆိုထားတဲ့အမှုတွေကို နောက်တစ်ပတ် သြဂုတ် ၂၃ နဲ့ ၂၄ ရက်နေ့တွေကို ရွှေ့ဆိုင်းလိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက ရုံးပိတ်ရက်ရှည်တွေကို ကြေညာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဖြစ်တာ အချိန်တစ်လကျော်သွားပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခဲ့ တာကြောင့် အခုဆိုရင် ထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁၉၇ ရက်ရှိသွားပါပြီ။

အမှုတွေမစစ်ဆေးဖြစ်တဲ့ တစ်လကျော်ကာလအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရခဲ့တာကြောင့် ကျန်းမာရေးအခြေအနေ အပါအဝင် သူ့နဲ့သက်ဆိုင်တဲ့ သတင်းစကား တစ်စုံတစ်ရာကိုမှ မကြားရဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ကိုးခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

ဒါကြောင့် အဲဒီအမှုတွေ အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်တွေပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော်အထိ ကျခံရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မောင်ဟန်ဝင်း
2021-08-17 01:16

ပုဒ်မတွေနဲ့တရားစွဲတာဘယ်သူတွေလည်း?ရှေ့နေရယ် ပြောင်းပြန်ဖြစ်နေပြီနော် အမေစုကအနှစ်(၄၀)မဟုတ်ပါ စစ်အာဏာသိမ်းအရူးများသာ နိုင်ငံတော်ပုန်ကန်မှုနဲ့သေဒါဏ်ပါ