ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း သို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစတင်


2014.01.06
dassk-chin-305.jpg ချင်းပြည်နယ် ခရီးစဉ်အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ကို ဇန်နဝါရီလ ၆ ရက်နေ့က ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရစဉ်
Photo: RFA/ Kyaw Zaw Win

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည် နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲတွေ မှာ ဟောပြောဖို့  ဒီနေ့ညနေ ၃ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ရောက်ရှိ ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြိုဆိုကြ တဲ့  ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို အခုလို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ ပါတယ်။

“ပြည်သူလူထုက ဘာ့ကြောင့်ထောက်ခံ သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးတော့ ထောက်ခံမှသာ တကယ်တန်ဖိုးရှိမှာပါ၊ အဓိပ္ပာယ်ရှိမှာပါ၊ ဘာမသိညာမသိနဲ့ ထောက်ခံတယ် ဆိုရင် မေတ္တာအရ ထောက်ခံတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ပေမယ့် မေတ္တာအရ နိုင်ငံရေးမှာ ထောက်ခံလို့ မဖြစ်ပါဘူး၊ ပြည်သူလူထုရဲ့ မေတ္တာကို အင်မတန်မှ အလေးထားတာကြောင့်မို့ ဒီမေတ္တာကို အလွဲသုံးစားမလုပ်ချင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇန်နဝါရီ  ၇ ရက် နေ့ကနေ ၉ ရက်နေ့အထိ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ်စတဲ့ မြို့တွေမှာ ဟောပြောမှာဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာလည်း ဟောပြောဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တာကို ထောက်ခံကြမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တမူးခရိုင် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမောင်အေးကပြောပါတယ်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့ကို တမူးခရိုင်လုံးက ပြည်သူလူထုအားလုံးကတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံကြမှာပါ၊ တမူးတို့ မော်လိုက်တို့  မင်းကင်းတို့ ကလေးဝတို့ ကလေးတို့ အစုံပါပဲဗျာ”

ဒီချင်းပြည်နယ် ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကိုပါ သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။