ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား ၇၀ ကျော်လွှတ်ပေး
2025.03.18

၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၂၀ ရက်နေ့ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့လို့လည်း ဆိုပါတယ်။
ချင်းတော်လှန်ရေးအထိမ်းအမှတ် ပြန်လွှတ်ပေးလိုက်တဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ ထည့်သွင်းထုတ်ပြန်တာမရှိသလို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ် နှစ်လတာအတွင်း စစ်ကောင်စီရဲ့ စခန်းတချို့ကို သိမ်းယူနိုင်ခဲ့သလို စစ်သုံ့ပန်းအယောက် နှစ်ဆယ်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီစခန်းတွေသိမ်းယူခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးနဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဩဇာအာဏာသက်ရောက်မှုအဆုံးသတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းပြည်ကောင်စီက တွန်းဇံမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။