တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးကြောင်း CDF-Asho ထုတ်ပြန်
2025.02.23

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ် (CDF) - Asho က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပျဥ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် နတ်ရေကန်လမ်းဟောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာဝန်းကျင်ပါတဲ့ ကားလေးစီးကို CDF - Asho တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်နိုင်ဖို့ ကြိုးစားနေတာလို့ ချင်းကာကွယ်ရေးတပ် (CDF)-Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“စစ်ကောင်စီဘက်က လမ်းကြောတွေအားလုံးစိုးမိုးနိုင်ဖို့ ကြိုးစားပြီးတော့ တင်းကျပ်မှုတွေ စစ်ဆေးကြပ်မတ်မှုတွေ ပြည်သူတွေလမ်းခရီးသွားလာမှုမှာ စစ်ဆေးတင်းကျပ်မှုတွေရှိနေသလို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်မှုတွေလုပ်နေဆဲပဲ ဖြစ်ပါတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူများခဲ့တယ်လို့လည်း CDF-Asho က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက လက်နက်ငယ် လေးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း CDF-Asho တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။