ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းတဲ့အပေါ် NUG ကြိုဆို

RFA Burmese
2025.02.27
ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းတဲ့အပေါ်  NUG ကြိုဆို ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ချင်းအမျိုးသားကောင်စီ (Chin National Council) ဖွဲ့စည်းရန်အတွက် တာဝန်ရှိသူများ သဘောတူလက်မှတ်ရေးထိုးနေစဉ်။
Photo: Chin World

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းဖို့ သဘောတူညီမှုရတာကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူတာကလည်း ချင်းအမျိုးသားတစ်ရပ်လုံးနဲ့ အနာဂတ်ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ရာကိစ္စလို့လည်း ဆိုပါတယ်။

ကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ဖွဲ့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုတွေအတွက် ဒီမိုကရေစီအလေ့အကျင့်ကောင်းအဖြစ် စံပြုထိုက်ဖွယ်လို့လည်း ရေးသားထားပါတယ်။

ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ Chinland ကောင်စီရှိသလို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လည်းရှိနေတာကြောင့် ချင်းပြည်နယ်အစိုးရဖွဲ့စည်းရေးအတွက် ချင်းတိုင်းရင်းသားတွေအကြား ဝေဖန်မှုတွေရှိနေတာပါ။

ချင်းပြည်ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF - Matupi တပ်မဟာ (၂)၊ CDF – Lautu၊ CDF – Tongzang၊ CDF – Zotung၊ CDF – Hakha၊ CDF-Thantlang၊ CDF-Hualngoram၊CDF / CDM SIYIN၊ PDA – Tedim၊ CDF – KKG၊ CDF – Mara၊ CDF – Paletwah၊ CDF – Zanniatram နဲ့ Mindat Council စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဟာ ချင်းညီနောင်(CB) အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှု လုပ်ဆောင်တာဖြစ်ပြီး ချင်းညီနောင်အဖွဲ့မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ZFU / PDF – Zoland၊ CDF – Mindat၊ CDF – Kanpalet၊ CDF -Matupi တပ်မဟာ (၁)၊ MTC/ MDF နဲ့စတဲ့ လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့နဲ့ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။