စစ်ဘေးသင့်သူများ ကူညီရေး CSO များ ဆွေးနွေး
2016.06.28

ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကယားပြည်နယ် လိုွင်ကော်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အငြိမ်းစား တပ်မတော်သားတစ်ဦးဖြစ်တဲ့ ဦးရန်နောင် က မြေမြုပ်မိုင်းသုံးတာတွေ ရပ်ဆိုင်းသင့်တယ်လို့ ပြောပါတယ်။
"တပ်မတော်က ထွက်ပြီးနောက်ပိုင်းကိုတော့ ဘယ်ကမှကျနော့်ကို ထောက်ပံ့ပေးတာလည်းမရှိဘူးပေါ့နော်၊ ကျနော်အဲ့ကနေထွက်ကာစဆိုတော့ ပင်စင်လေး ၂၀၈ ကျပ်လောက်ပဲရတာ၊ အဲ့တာလေးနဲ့ ရုန်းကန်ပြီးတော့ သူများစိုက်ပျိုးရေးခြံထဲမှာ ခြေတစ်ဖက်နဲ့ ကိုယ့်ဘာသာ အငှားလိုက်နေရတာပေါ့၊ မြေမြုှပ်မိုင်းကတော့ မရှိလေကောင်းလေပဲ၊ ထွင်တဲ့သူကိုလည်း မထွင်စေချင်ဘူး၊ ကျနော်တော့ မြေမြုှပ်မိုင်းကိုတော့ ရှုတ်ချတယ်၊ မရှိလည်း မရှိသင့်တော့ပါဘူး"
ကယားပြည်နယ် လွိုင်ကော်မြို့ပန်ကန်းရပ်ကွက်မှာ ဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ၁၂၀ ကျော် တက်ရောက်ကြပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတွေထဲမှာ ပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ တပ်မတော်သားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေ၊ ပေါ်တာဆွဲခံရသူတွေနဲ့ အရပ်သားတွေလည်း ပါဝင်ပါတယ်။
ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသူတွေကို ကူညီပေးဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ နည်းပညာပိုင်းဆိုင်ရာနဲ့ အသေးစားချေးငွေစတဲ့ ကော်မတီ ခြောက်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
ဆွေးနွေးပွဲကို လွိုင်ကော်၊ ဒီမောဆို၊ ရှားတော စတဲ့ မြို့နယ် ခုနှစ်မြို့နယ်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသူတွေ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တက်ရောက်ကြပါတယ်။