မြန်မာမှာ မသန်စွမ်းသူ ခြောက်သန်းကျော် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ

RFA Burmese
2024.12.03
မြန်မာမှာ မသန်စွမ်းသူ ခြောက်သန်းကျော် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ မသန်းစွမ်းသူ ခြောက်သန်းကျော်ဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲက တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၃ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ ထုတ်ပြန်ပါတယ်။

မသန်စွမ်း မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမှာ ပါဝင်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မသန်စွမ်းသူတွေရဲ့ အားနည်းချက်တွေကို အကာအကွယ်ပေးရေးနဲ့ ထောက်ပံ့ကူညီရေးတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မသန်စွမ်းမှုအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ၊ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ပဋိပက္ခနဲ့ ရာသီဥတု ကပ်ဘေးတွေကြောင့် မသန်စွမ်းသူတွေဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကလည်း ဒီနေ့ပြောပါတယ်။

ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရပေမဲ့ လူမှုအသိုက်အဝန်းမှာ မသန်စွမ်းသူတွေဟာ အပြောင်းအလဲဖန်တီးသူတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ချီးကျူးပြောဆိုပါတယ်။

ဒါ့ကြောင့် အရေးပါတဲ့ ဒီနေ့နဲ့ နေ့စဉ်နေ့တိုင်းမှာ လူသားအားလုံးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်ဖော်ဆောင်ရေးမှာ မသန်စွမ်းသူတွေနဲ့အတူ လက်တွဲလုပ်ဆောင်ကြဖို့ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတင်းစကား ပါးပါတယ်။

မသန်စွမ်းသူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး အများစုက ညှဉ်းပန်းနှိပ်စက်ခံရသလို တချို့ဟာ သတ်ဖြတ်ခံနေရတယ်လို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာလ ၁ ရက်နေ့ နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက မသန်စွမ်းသူတွေအပေါ် အာရုံစိုက်မှုတွေ လျော့နည်းသွားတယ်လို့ မသန်စွမ်းသူအရေး လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေရဲ့ ဖြစ်တည်မှု၊ ရပ်တည်နိုင်မှုတွေ အရင်ကလောက် အလေးပေးခံရတာမျိုး မရှိတော့ဘူး။ လူထုအာရုံစိုက်မှုကလည်း နည်းသွားတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက မသန်းစွမ်းသူတွေရဲ့ ဘဝရပ်တည်ရေးနဲ့ အခွင့်အရေးတွေကို ဦးစားပေးလုပ်ဆောင်တာ မတွေ့ရဘူး”

မြန်မာနိုင်ငံက မသန်စွမ်းမှုတွေမှာ မြေမြှုပ်မိုင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တိုးလာနေတယ်လို့ မသန်စွမ်းသူများအခွင့်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ အများဆုံးဖြစ်လာပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ လူတစ်ထောင်ကျော်သေဆုံးတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှုပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။