မကွေးတိုင်းမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ တစ်သောင်းခွဲကျော်ရှိနေပြီး ကပ်ရောဂါကာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အဆင်ပြေပါ့မလားလို့ သူတို့ စိုးရိမ်နေကြပါတယ်။
လူအများမျှော်လင့်နေတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၃၂ ရက်ပဲ လိုပါတော့တယ်။ အဲဒီလို မဲပေးတဲ့အခါမှာ မသန်စွမ်းသူတွေလဲ မဲပေးခွင့်ရှိကြတဲ့အတွက်၊ သူတို့မဲရုံကို သွားပြီး မဲထည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလလဲ ဖြစ်နေတာကြောင့် အခက်အခဲတွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သူတို့မှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း (မကွေး)ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဦးနေစိုးလင်းက မဲစာရင်းမှာ ပါ-မပါ စစ်တာကစလို့ အခက်တွေ့တယ်လို့ပြောပါတယ်။
"အဓိက အကြောင်းရင်းတွေကတော့ သူတို့ ကိုယ်တိုင်မဲစာရင်းမှာ ပါသည် မပါသည်က အဓိက လိုအပ်ချက်ဖြစ်နေတယ်။ စာရင်းကသာ အစိုးရက ပြထားပေမယ့် သူတို့ကိုယ်တိုင်မသိတဲ့ အခြေအနေတွေ ရှိတယ်။ သန်စွမ်းသူတွေတောင်မှပဲ ဒီအခြေအနေတွေကို မသိကြဘူး။ ဒါကတော့ ကျနော်တို့အတွက် မဲပေးခွင့်ရဲ့ လိုအပ်ချက်ပေါ့။ အစိုးရပိုင်းကတော့ စာရင်းပြဌာန်းသွားပြီ။စာရင်းပြဌာန်းသွားပေမယ့် မသန်စွမ်းသူတွေ ကိုယ်တိုင်ဆီ သတင်းအချက်အလက် ရောက်မရောက်ပေါ့။ ဒါကတော့ ကျနော်တို့ဘာခေါ်မလဲ ထွေအုပ်ပိုင်းဆိုင်ရာနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းညှိသွားမှသာလျှင် ဒါကိုယ်တိုင်ဒီစာရင်းမှာ ပါမပါ ပိုပြီးသိမယ်ထင်တယ်။ကျနော်တို့ မသန်စွမ်းအဖွဲ့အစည်းတွေကလည်း ဒါကိုတွေကိုလိုက်ပြီး သတင်းဖြန့်ဝေဖို့ ဆိုတာတော့ ကျနော်တို့ဘက်က အခက်အခဲတွေ အများကြီးရှိတယ်"
ဦးနေစိုးလင်းဟာ အမြင်အာရုံချို့တဲ့သူဖြစ်ပါတယ်။ မကွေးတိုင်းထဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ တစ်သောင်းငါးထောင်ကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အမြင်အာရုံအပြင်၊ ခန္ဓာကိုယ်ပိုင်းမသန်စွမ်းသူတွေအမျိုးမျိုးရှိလို့ သူတို့အတွက် အဆင်ပြေပြေ မဲပေးနိုင် အောင်စီစဉ်ပေးဖို့လိုအပ်သလို၊ မဲမသမာမှုတွေဖြစ်မှာကိုလည်း စိုးရိမ်တယ်လို့ ဦးနေစိုးလင်းက ပြောပါတယ်။
"မဲမသမာမှုပေါ့နော်။ အဲဒါ အဓိကဖြစ်နိုင်တယ်။ ကျနော်တို့ အမြင်အာရုံ မသန်စွမ်းသူရယ်။ ကျနော်တို့ ဉာဏ်ရည်မသန်စွမ်းသူတွေရယ်မှာက ဒီမဲပေးခြင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေ အများကြီးကြုံနိုင်တယ်။ ဘာကြောင့်လည်း ဆိုတော့ အမြင်အာရုံမသန်စွမ်းသူတွေနဲ့ဆိုရင် အကူတစ်ယောက်ခေါ်ရမယ်။ ဉာဏ်ရည်မသန်စွမ်းသူတွေ ဆိုရင်လည်း ကျနော်တို့ ဒီရုပ်ပုံကားချပ် ဆေးချယ်ပေါ့နော်။ ဆေးချယ်နည်းစနစ်တွေနဲ့ ဒါမျိုး မဲလက်မှတ်တွေမှာ လုပ်မထားဘူးဆိုရင် သူတို့ကိုကူတဲ့လူက သူတို့ရဲ့ဆန္ဒ မပါဘဲနဲ့ တခြားသော တခြားသောပါတီတွေကို မဲပေးမှုတွေ ဖြစ်လာနိုင်တယ်။ အဲတော့ အဲဒီအတွက် ဒီမဲမသမာမှုတွေက ကျနော်တို့ မသန်စွမ်း ဒီနှစ်မျိုးကတော့ တော်တော်ဖြစ်သွားနိုင်တယ်ပေါ့နော်"
မကွေးမြို့ မကြီးကန်ရွာမှာ နေထိုင်ပြီး စက်ချုပ်လုပ်ငန်းနဲ့ အသက်မွေးနေထိုင်တဲ့ ခြေထောက်တဖက် မွေးရာပါ မသန်စွမ်းသူ ဒေါ်ကလျာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေချိန် မသန်စွမ်းသူတွေအနေနဲ့ စီးပွားရေး လုပ်ကိုင်စားသောက်နေထိုင်ရတာ အဆင်မပြေတာတွေ ကြုံနေရသလို မဲပေးချိန်မှာ ရောဂါကူးစက်လာမှာကို စိုးရိမ်နေပါတယ်။ သူ့ဆန္ဒကတော့ မသန်စွမ်းတွေအတွက် မဲပေးရာမှာ လွယ်ကူချောမွေ့စေအောင် စီစဉ်ဆောင်ရွက်ပေးစေတယ်လို့ ပြောပါတယ်။
"သမီးဆိုလို့ရှိရင်ပဲ လက်ထောက်တုတ်ကို သုံးရတော့ ဒီကိုဗစ်ကာလမှာ အဲဒါက အဓိကသွားကျတယ်။ သမီးတို့ လက်ဆေးတယ်။ လက်သန့်ဆေးနဲ့ ဆေးတယ်။ ဒါပေမယ့် သမီးက လက်ကို ဒီတုတ်ကို အားပြုပြီး ထောက်တာဆိုတော့ ဘာပဲပြောပြော လက်ဆေးပြီးရင်လည်း အဲဒီတုတ်ကို သွားပြီးတော့ ထောက်ရသေးတာပဲ။ အဲတော့ အဲတုတ်ကိုလည်း သန့်ရှင်းရေးလုပ်ရတာ အလုပ်တစ်ခု။ အဲတာသမီးက တုတ်ထောက်တာပဲ ရှိသေးတယ်။ ဝှီးချဲလ် သမားတွေတို့ ဘာတို့ဆိုလို့ရှိရင် ပိုဆိုးတာပေါ့။ ပြီးတော့ အလုပ်အကိုင်ဘက်ကျတော့လည်း အဲလိုပဲ သမီးတို့ မသန်စွမ်းတွေမှာ တော်တော်များများအလုပ် မရှိကျတဲ့သူ ရှိသေးတယ်။ ဒါပေမယ့် လုပ်နေကြတဲ့သူတွေလည်း ရှိတယ်။ သမီးဆိုရင်ပဲ စက်ချုပ်တယ်။ သမီး အမြဲတမ်း သမီး ဆရာဆိုင်မှာလည်း လုပ်တယ်။ အဲတော့ အခုကိုဗစ်ကာလမှာ သမီးဆရာဆိုင်ကနေ နားလိုက်ရတယ်။ ကိုယ်အိမ်မှာ ကိုယ်တော့ ချုပ်တော့ချုပ်တယ်။ ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်ဘာညာဘာမှလည်း လုပ်စရာလည်း လုပ်ခွင့်လည်းမရှိ လုပ်လည်းလုပ်လို့မရတဲ့ အခြေအနေဆိုတော့ကျ စီးပွားရေးဘက်လည်း ကိုဗစ်ကထိတယ်"
မကွေးတိုင်းအတွင်းမှာ မဲပေးနိုင်သူ သုံးဆယ့်နှစ်သိန်းခုနှစ်သောင်းကျော် ရှိပါတယ်။ အဲဒီအထဲမှာ မသန်စွမ်းသူတွေလည်း ပါတဲ့အတွက် သူတို့မဲပေးနိုင်ခွင့်ဟာကလည်း ပါတီတွေအတွက် အောင်နိုင်ရေးမှာ အဓိကအခန်းက ပါဝင်နေပါတယ်။ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ မဲပေးမယ့် အမြင်အာရုံမသန်စွမ်းသူတွေ အသုံးပြုတဲ့ လက်စမ်းစာအတွက် လေ့ကျင့်မထားသူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် စီစဉ်ထားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးထွဋ်ဦးကို ပြောပါတယ်။
"အမြင်မသန်စွမ်းသူ တစ်ယောက်က သူက မဲပေးချင်တယ်ဆို သူ့ရဲ့မဲပေးခွင့် မဆုံးရှုံးဖို့အတွက်ကို သူက မိဘ ညီအစ်ကို မောင်နှမပေါ့။ အရင်တုန်းကလည်း မိဘ မောင်နှမဆွေမျိုးသားချင်းပေါ့နော်။ အဲဒီလိုလူကနေ ပြီးတော့ သူ က ငါမဲပေးချင်တယ်။ အဲဒီကာယကံရှင်က ပြောချင်တယ်ဆိုလို့ရှိရင် ဒီမဲပေးမှာက ဘယ်သူ့ကိုမဲပေးမှာလဲ။ ဒီမှာ ဘယ်သူတွေ ဘယ်သူတွေရှိတယ်။ အဲဒါမျိုး ပြောရမှာပေါ့နော်။ ဒီကိုယ်စားလှယ်လောင်းတွေက ဘယ်ပါတီက၊ ဘယ်ပါတီက ဘယ်သူ၊ ဆိုပြီးတော့ ရှင်းပြရမှာပေါ့နော်။ ဒီ တာဝန်ပေးတဲ့သူကနေ ရှင်းပြရမှာပေါ့နော်။ ဒါဆို လို့ရှိရင် ဒီပါတီကို မဲပေးမှာ ဆိုလို့ရှိရင် သူ့လက်နဲ့ ကိုင်ပြီးတော့ တံဆိပ်တုံးနှိပ်မယ်။ လက်စမ်းစာ လေ့ကျင့်ထားတဲ့သူမဟုတ်တဲ့သူတော့ အဲဒီလိုစီစဉ်ဆောင်ရွက်ပေးပါတယ်။ မဲရုံကို လာပြီးတော့ မဲမပေးနိုင်တဲ့ မသန်စွမ်းသူတွေရှိတယ်။ အဲလိုဆို ရွေးကောက်ပွဲမတိုင်ခင် (၂)ရက် အလိုမှာ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ သက်ဆိုင်ရာ ကာယကံရှင်ဆီအရောက် ကျနော်တို့သွားပြီး မဲလက်မှတ်ပေးပြီး ကျနော်တို့က ဆောင်ရွက်ပေးပါမယ်"
ကိုဗစ်-၁၉ ကာလတွင်းမှာ ပြည်သူအများစုက မဲပေးနိုင်ဖို့ ပူပန်နေကြတာပါ။ မဲရုံမှာ တာဝန်ယူဆောင်ရွက်ရမယ့်သူတွေရော မဲပေးလာသူတွေအတွက်ပါ နှာခေါင်းစည်း၊ လက်ဆေးရည်၊မျက်နှာကာစသဖြင့် လိုအပ်တဲ့ အသုံးအဆောင်တွေကို အဆင်သင့်ဖြစ်အောင် စုဆောင်းထားပြီးပြီဖြစ်လို့ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်မယ်လို့လည်း ဦးစိုးထွဋ်ဦးက ပြောပါတယ်။
"ကျန်းမာရေးကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုကတော့ အပြည့်အဝ ကျနော်တို့ဘက်ကနေပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ပူးပေါင်းကူညီတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ညွှန်ကြားချက်နဲ့ ပတ်သက်လို့ အတိအကျလိုက်နာပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်"
ပါတီတွေအလိုက် တက်ကြွလှုပ်ရှားသူတွေကတော့ မြို့တွင်းမြို့ပြင် စီတန်းလှည့်လည်နေကြပါတယ်။ လူချင်း ခပ်ဝေးဝေးနေနိုင်မှ တန်ကာကျမယ့် ကပ်ရောဂါကာလမှာ အခုလိုလူစုလူဝေးတွေ ဖြစ်နေတာကို စိုးရိမ်နေတဲ့သူတွေလဲ ရှိနေပါတယ်။
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)