မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် သုံးလအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၁၀၀ ထိရှိလာ

2022.05.19
မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် သုံးလအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၁၀၀ ထိရှိလာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေလက်အင်္ဂါချို့ယွင်းခဲ့ရသော ရှမ်းပြည်နယ်မြောက်ပိုင်းမှ အရပ်သားတစ်ဦးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၂ ဇန်နဝါရီလကနေ မတ်လအထိ အချိန်သုံးလအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရသူနဲ့ သေဆုံးသူ စုစုပါင်း ၁၀၀ ဦးထိ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မေလ ၁၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အဲဒီလူတစ်ရာထဲက ကလေးငယ် ထိခိုက်သေဆုံးမှုဟာ သုံးပုံတစ်ပုံအရေအတွက်ဖြစ်တဲ့ ၃၇ ဦးထိ ပါဝင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက် လက်ခြိမ်းခြောက်နေဆဲပဲလို့ UN OCHA က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု လေးကြိမ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မေလ ၁၄ နဲ့ ၁၅ နှစ်ရက်ဆက်တိုက်အတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ရွာက အသက် ၃၀ အရွယ် အမျိုးသားနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းရွာက အသက် ၆၈ နှစ်အရွယ် အမျိုးသားတို့ဟာ မြေမြှုပ်မိုင်း ထိပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုမေလထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်းရွာက အသက် ၁၃ နှစ်သားတစ်ဦး လက်ဖက်ခြံက အိမ်အပြန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့သလို နမ္မတူမြို့နယ် နားပိန်းရွာက အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာလည်း စိုက်ပျိုးခြံက အိမ်ပြန်လမ်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။