မြေမြှုပ်မိုင်းကြောင့် ခြောက်လအတွင်း အရပ်သားတစ်ရာကျော် သေဆုံး

RFA Burmese
2024.08.22
မြေမြှုပ်မိုင်းကြောင့် ခြောက်လအတွင်း အရပ်သားတစ်ရာကျော် သေဆုံး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဆတ်သေရွာတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့သည့် လူငယ်တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်က တွေ့ရစဥ်။
Citizen Photo

နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်ပစ္စည်း တွေကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ ခြောက်လအတွင်း အရပ်သား ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇူလလိုင်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူတွေအထဲ ကလေး ၄၃ ဦးပါဝင်တယ်လို့လည်း UNICEF က ပြောပါတယ်။

ဒီခြောက်လအတွင်း ထိခိုက်ဒဏ်ရာရသူက ခြောက်ရာနီးပါး (၅၉၀ ဦး) အထိရှိခဲ့ပြီး အခုနှစ်ဝက် ထိခိုက်သေဆုံးမှု အခြေအနေဟာ ၂၀၂၃ ခုနှစ်မှာ ထိခိုက်သေဆုံးမှု အရေအတွက်ရဲ့ ၆၆ ရာခိုင်နှုန်းအထိရှိတယ်လို့ UNICEF က ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်ပစ္စည်း တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးမှာ ရှမ်းပြည်နယ်က သေဆုံးသူ နှစ်ဆယ်၊ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ကျော်နဲ့ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် စစ်ကိုင်းတိုင်းက သေဆုံးမှု ၁၉ ဦးနဲ့ ရခိုင်ပြည်နယ်က သေဆုံးသူ ၁၅ ဦးအထိရှိခဲ့ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ ဒီလို မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ် အခြေချ တပ်စွဲခဲ့ရာနေရာနဲ့ မြို့ပေါ်စခန်းတွေမှာ စွန့်လွတ်မိုင်းနဲ့ မြေမြှုပ်မိုင်းတွေ ရှိတက်တာကြောင့် မိုင်းအန္တရာယ်သတိထားဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။