ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီး အရပ်သားတစ်ဦး သေဆုံး

RFA Burmese
2024.05.23
ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီး အရပ်သားတစ်ဦး သေဆုံး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ မစောတံတား မိုင်းခွဲဖျက်ဆီးခံထားသည်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း တောင်ကလေးရွာအနီးက မစောတံတား မေလ ၂၃ ရက် ဒီနေ့မနက်အစောပိုင်းမှာ မိုင်းခွဲခံရပြီးနောက် တံတားကျိုးပေါ်ကို ဖြတ်သန်းမိတဲ့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲခံရလို့ တံတားကျိုးနေတာကို မသိရှိဘဲ ဖြတ်သန်းသွားတဲ့ မော်တော်ဆိုင်ကယ် သုံးစီးဟာ အရှိန်လွန်ပြီး ပြုတ်ကျသွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘီးလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တံတားက မိုင်းခွဲလို့ ကျိုးကျနေပြီ အဲဒါကို မသိဘူးထင်တယ်။ ဆိုင်ကယ်ဖြတ်မောင်းတော့ အရှိန်လွန်ပြီး အောက်ကိုပြုတ်ကျသွားတာ။ မိုင်းခွဲခံရပြီးမှဖြစ်တာ။ တစ်ဦးက သေသွားတယ်။ အမျိုးသား အသက် သုံးဆယ်လောက်တော့ရှိမယ်။ နောက်သုံးဦးက ထိခိုက်ဒဏ်ရာရတယ်”

လက်ရှိမှာ ဘီးလင်းနဲ့ သထုံမြို့အကြား ကားလမ်းတစ်လျှောက် ကားတွေပိတ်နေသလို တံတားမိုင်းခွဲခံရတဲ့သတင်းကြောင့် မော်လမြိုင်ဘက်မှာလည်း အဝေးပြေးခရီးသည်တင်ကားတွေ ရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မစောတံတား မိုင်းခွဲမှုကို ဘယ်အဖွဲ့ကပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

မစောတံတားအပြင် ဘီးလင်းမြို့အဝင်က ကျုံအိတ်တံတားလည်း မေလ ၁၁ ရက်နေ့က မိုင်းခွဲဖျက်စီးခံရပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းတွေ ယာယီပြတ်တောက်ခဲ့ပါတယ်။

အခုနောက်ထပ် တံတားတစ်စင်း ထပ်မိုင်းခွဲခံရတာကြောင့် ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ထပ်မံပြတ်တောက်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။