မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်ကောင်စီတပ်သား ၂၅ ဦး ဖမ်းမိ
2025.02.10

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၂၅ ဦးကို ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား ၂၇ ဦးကို ဖမ်းမိတာကြောင့် လက်ရှိမှာ အဲဒီတပ်စခန်းတစ်ခုတည်းကနေ စစ်ကောင်စီတပ်သား ၅၂ ဦးအထိ ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
ဖမ်းမိထားသူတွေထဲက ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
"ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ၂၅ ဦး မိထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ ဆေးတော့ ကုပေးထားပါတယ်။ လောလောဆယ် အခြေအနေကတော့ ဘာမှမထူးခြားသေးပါဘူး"
စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ကျန်နေနိုင်သေးတယ်လို့ ဆိုပါတယ်။
မဲပလီဗျူဟာစခန်းမှာ ခမရ (၄၀၅)၊ စကခ (၈)၊ ခမရ (၄၀၉) စတဲ့ တပ်ရင်းတွေက ခန့်မှန်းအင်အား တစ်ရာကျော်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း သုံးဆယ်အကြာမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။