ရခိုင်-ပဲခူးနယ်စပ်က မိုးထိတောင်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်
2025.01.27

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ တောင်ကုတ်မြို့နယ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့ညမှာ AA က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ရိုးမပေါ်မှာရှိတဲ့ မိုးထိတောင်စခန်းကို သိမ်းနိုင်ဖို့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ကစပြီး AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့မနက်မှာ သိမ်းယူနိုင်ခဲ့တာလို့ AA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကနေ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရဲ့ အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မိုးထိတောင်စခန်းအသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ရိုးမတောင်တန်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ပဲခူးတိုင်းဘက်ကနေ တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကြောင်းလည်း AA က ပြောထားပါတယ်။
AA က သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ပွိုင့် (၂၆၃) စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ဖို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ်က အမ်း-ပဒါန်းကားလမ်းမှာလည်း စစ်ကောင်စီနဲ့ AA တို့ ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း AA က ပြောပါတယ်။
ဒါ့အပြင် စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီနဲ့ AA တို့ အပြန်အလှန်တိုက်ခိုက်မှုတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဆိုပါတယ်။