မူးယစ်ဆေးဝါးကုန်သွယ်မှုစွပ်စွဲချက် နိုင်ငံရေးထိုးနှက်မှုဖြစ်ကြောင်း AA တုံ့ပြန်
2025.03.19

ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံအထိ ကျပ် ဘီဘီယံချီ တန်ဖိုးရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုမှာ ပါဝင်ပတ်သက်မှုရှိကြောင်း စစ်ကောင်စီရဲ့ မနေ့က စွပ်စွဲချက်တွေဟာ စစ်နိုင်နေတဲ့ အာရက္ခတပ်တော် (AA) ကို နိုင်ငံရေးအရ ထိုးနှက်မှုသာ ဖြစ်တယ်လို့ AA က မတ်လ ၁၉ ရက်နေ့ ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။
ကျပ်ငွေ ၉၆ ဘီလီယံကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိကြောင်း သတင်းကို စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ မတ်လ ၁၉ ရက်နေ့က ဖော်ပြခဲ့ပြီး အဲဒီအမှုမှာ AA ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်းဆိုသူ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ။
ဒီဖြစ်ရပ်မှာ AA အနေနဲ့ ပါဝင်ပတ်သက်မှုမရှိသလို ဒါဟာ ယုတ္တိမရှိတဲ့ စွပ်စွပ်ချက်သာဖြစ်တယ်လို့လည်း AA က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေး၊ လောင်းကစားနဲ့ အဂတိလိုက်စားမှုတွေမှာ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေကသာ ပါဝင်ပတ်သက်နေတာလို့ AA က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်ဟာ ခေတ်အဆက်ဆက်မှာလည်း သူတို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို အခုလိုပဲ စစ်ရေးအရ ရှုံးနိမ့်ချိန်မှာ နိုင်ငံရေးသိက္ခချဖို့အတွက် စွပ်စွဲထိုးနှက်တာတွေ အချိန်ကိုက်လုပ်လေ့ရှိတယ်လို့ AA က ပြောပါတယ်။