ခေါဇာမြို့က စစ်ကောင်စီတပ်ရင်းနဲ့ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်တွေ တိုက်ခိုက်

RFA Burmese
2025.01.24
ခေါဇာမြို့က စစ်ကောင်စီတပ်ရင်းနဲ့ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်တွေ တိုက်ခိုက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) (NMSP-AD) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
New Mon State Party-AD

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၃၁ တပ်ရင်းနဲ့ မီးတိုင်တပ်ရွာနဲ့ ခေါဇာမြို့ကြားက စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဇန်နဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတပ်ရင်းဟာ ဂိတ်တွေဖွင့်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက RFA ကို ပြောပါတယ်။

"မနေ့တုန်းကပေါ့နော်၊ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ခေါဇာမှာအခြေချတဲ့ ခလရ ၃၁ တပ်ရင်းကို ဝင်တိုက်တဲ့သဘောပေါ့၊ ဖြစ်သွားတာက နှစ်နေရာဖြစ်သွားတယ်၊ သူတို့တပ်ရင်းအတွင်းမှာရော၊ ခေါဇာထဲက မီးတိုင် ၁ ရွာထဲက စစ်ဆေးဂိတ်ဆိုတာရှိတယ်၊ အဲဂိတ်က ပြည်သူလူထုကို စစ်ဆေးအကြမ်းဖက်တယ်၊ ငွေညှစ်တာတွေရှိတယ်၊ အဲဂိတ်ကိုလည်း ဝင်တိုက်ခိုက်တယ်၊ သူတို့တပ်ရင်းအတွင်းမှာလည်း ဝင်တိုက်တယ်"

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးခဲ့သလို သုံးဦးထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ခေါဇာမြို့မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ခလရ-၃၁က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ တပ်အနီးအနား ကျေးရွာတွေက အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့လည်း နိုင်ကောင်းစကားကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။