ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းဝင် တစ်ဦး ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရ

RFA Burmese
2024.12.03
ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းဝင် တစ်ဦး ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကော့စံနိုင်လူမှုကူညီရေးအသင်း အဆောက်အအုံအား တွေ့ရစဉ်။
Facebook/ ကော့စံနိုင် လူမှု့ကူညီရေးအသင်း ကျိုက်ထိုမြို့နယ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ကော့စံနိုင် လူမှုကူညီရေးအသင်းသား လေးဦးထဲက တစ်ဦးကို ကျိုက်ထိုမြို့နယ်တရားရုံးက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်းသားတွေဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖ နှစ်ဦး၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က နေအိမ်တွေမှာ ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူတို့လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ပြီးနောက် ဦးမြအောင်ကို ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ကျိုက်ထိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ ဖမ်းထားတဲ့အထဲက ဦးမြအောင်ကို ထောင်ဆယ်နှစ် ချလိုက်တယ်။ ကျန်တဲ့သူတွေကတော့ တရားရင်ဆိုင်နေရတုန်းပဲ။ မွန်ပြည်နယ်မှာ လူမှုကူညီရေးလုပ်တဲ့သူတွေ အခုလို မကြာခဏ ဖမ်းဆီးထောင်ချခံနေရတယ်"

မွန်ပြည်နယ်မှာ လူမှုကူညီရေးအသင်းသားတွေကို PDF တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတာတွေ မကြာခဏ ရှိနေတာပါ။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူမှုကူညီရေးအသင်းသား နှစ်ဆယ်ခန့်ရှိပြီး အဲဒီအထဲက ရှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်း ၂၇,၇၅၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၁,၁၈၉ ဦးကတော့ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။