လူ ၁၆ သန်းခန့်အထိ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မျှော်မှန်းကြောင်း ဝန်ကြီးဌာနပြော
မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် အခုနှစ်မှာ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ် အထက် လူဦးရေ ၅၀ ရာခိုင်နှုန်းအထက်ဖြစ်တဲ့ လူ ၁၆ သန်းခန့်အထိကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မျှော် မှန်းထားပြီး မနက်ဖြန် ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ခုနစ် သိန်းခွဲ စတင်ရောက်ရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုး က RFA ကို မနေ့ညနေကပြောပါတယ်။
လာမယ့် သြဂုတ်လအတွင်းမှာလည်း နောက်ထပ် ကာကွယ်ဆေးအလုံးရေ ခြောက်သန်းလောက်ရောက်ဖို့ မှန်းထားတယ်လို့လည်း ဝန်ကြီးဌာနပြောခွင့်သူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
“ကျွန်တော်တို့ ဇူလိုင်လ ၂၂ ရက်နေ့ဆို ခုနစ်သိန်းခွဲရောက်မယ်။ နောက်ပိုင်း သြဂုတ်လ ပထမပတ်နဲ့ ဒီလကုန်အတွင်းမှာ ခြောက်သန်းလောက်ရောက်ဖို့မှန်းထားတယ် ဒီသြဂုတ်လအတွင်းမှာလေ။ ထပ်ပြီး တော့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တင်ပြထားတဲ့ အစီအစဉ်ပေါ့နော် အဲဒါလည်း သန်းနဲ့ချီပြီးရဖို့ ရှိတယ်။ ပြီးတော့ ရုရှားကလည်း ဝယ်ထားတာရှိတယ်ပေါ့နော် ဒါလည်းရောက်လာမယ်။ အဲလိုဆိုတော့ ပေါင်းလိုက်ရင် သန်းပေါင်း တော်တော်များများရောက်လာမှာ။ အဲဒီတော့ ဒီကြားထဲမှာ တောင့်ခံဖို့ပေါ့နော် ကူးစက်မှုတွေမဖြစ်အောင် တောင့်ခံထားဖို့လိုတာပေါ့။ ဟိုဘက်က ကာကွယ်ဆေးတွေဝင်လာတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးဝိုင်းဝန်း ပူးပေါင်းပြီးတော့ ထိုးနှံလိုက်ရင် ဒီဘက်က အင်မြူနတီတက်လာတာနဲ့ အမျှ ကူးစက်မှုတွေက အခုအချိန် အတွက်ရော၊ လာမယ့် စတုတ္ထလှိုင်းအတွက်ပါ ပြင်ဆင်ပြီးသားဖြစ်သွား တာပေါ့နော်။ ဒီကာလလေးမှာတော့ ကျွန်တော်တို့အားလုံးက စိတ်ရှည်လက်ရှည်တောင့်ခံဖို့တော့ လိုနေတာပေါ့”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ငံရဲ့လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးတွေ ပံ့ပိုးမယ့်အစီအစဉ်ထဲက နိုင်ငံပေါင်း ၈၀ ကျော်ထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တဲ့အတွက် အခုအချိန်မှာ အဲဒီအကူအညီပါ ရရှိတော့မယ် ဆိုတဲ့ သတင်းကောင်းပါ ရထားတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။
ကာကွယ်ဆေးဟာ ရောဂါပြင်းထန်မှု ၉၅ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်သလို ဆေးရဲ့အာနိသင် ကြောင့် အခြားသူတွေကို ဆင့်ပွားကူးစက်မှုကိုပါ လျော့ကျစေနိုင်တဲ့အတွက် ဆီးချိုရောဂါအခံရှိတဲ့သူ တွေတောင် ပြန်ကောင်းလာတဲ့ သာဓကတွေရှိနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ကာကွယ်ဆေးမထိုးဘဲ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ စတဲ့စည်းကမ်းတွေအတိုင်း ရှေရှည်ဆက်သွားနေလို့ မဖြစ်တဲ့အတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကာကွယ်ဆေးကို ရအောင်ထိုးနှံရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
လတ်တလောမှာတော့ နေ့စဉ်နဲ့ကူးစက်နေတဲ့ပမာဏကို အမြန်ဆုံးလျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်တွေကိုလိုက်နာပြီး ကိုယ့်အိမ်မှာကိုယ်နေထိုင်ရေးကသာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စက်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ စတင်ဖြစ်ပွားလာခဲ့တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ဇွန်လမှာ ဓာတ်ခွဲနမူနာ ၁၁၂၉၁၃ ဦးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ လူပေါင်း ၁၃၆၄၈ ဦးအထိ ပိုးတွေ့ခဲ့လို့ ပိုးတွေ့မှုရာခိုင်နှုန်းဟာ တစ်လတည်းမှာ ၁၂ ဒဿမ ၁ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့် အခုဇူလိုင်လဆန်းပိုင်းမှာတော့ ပိုးတွေ့မှုဟာ ၂၃ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့ပါတယ်။
ဇူလိုင်လ ၂၀ ရက် မနေ့ကထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြု လူနာသစ် ၅,၈၆၀ ဦးတွေ့ရှိခဲ့တာကြောင့် အတည်ပြုလူနာ စုစုပေါင်း ၂၄၀,၅၇၀ ဦး ရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် မနေ့က အချိန် ၂၄ နာရီအတွင်း ထပ်မံသေဆုံးသူ ၂၈၆ ဦးရှိခဲ့သလို သေဆုံးသူစုစုပေါင်း ၅,၅၆၇ ဦးနေပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းအရေအတွက်ဟာ ဓာတ်ခွဲစစ်ဆေးမှု စနစ်ထဲက အရေအတွက်ဖြစ်တာကြောင့် အပြင်မှာ ဓာတ်ခွဲစစ်ဆေးမှုစနစ်ထဲကို ရောက်မလာဘဲ ကူးစက် သေဆုံးမှုတွေလည်းရှိနိုင်တယ်လို့ ဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။