ကန်သာယာဆေးရုံမှာ ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံရ

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.07.21

ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်လမ်း ကန်သာယာဆေးရုံက ဝန်ထမ်း ၄၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။ အဲဒီထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ အခြားဝန်ထမ်းတွေ ပါဝင်ပြီး တချို့ကို သီးသန့်စောင့်ကြည့်နေရာတွေကို ပို့သလို တချို့ကို နေအိမ်မှာ ပြန်နေခိုင်းတယ်လို့ ရောဂါကူးစက်ခံနေရတဲ့ အဲဒီဝန်ထမ်းက ဆိုပါတယ်။

“၇ လပိုင်း ၁ ရက်နေ့က စသိတာ။ မော်တော်ယာဉ်မောင်း ခုနှစ်ယောက်ကို စစ်တာ ငါးယောက်က Positive ဖြစ်တာ အဲဒီမှာ စတွေ့တာ။ ဖြစ်ဖြစ်ချင်းတော့ သူတို့ swab တွေယူပြီး စစ်တယ် စစ်ပြီး quarantine center မှာထားတယ်။ အခုနောက်ပိုင်း ပိုးတွေ့သူများလာတော့ သူတို့ quarantine center ကိုမပို့တော့ဘူး ဆေးရုံ လေးလွှာမှာထားတယ်။ မိသားစုရှိတဲ့သူဆို အိမ်ပြန်နေခိုင်းပြီး အဆောင်မှာနေတဲ့သူဆို အဆောင်ပြန်ခိုင်းတယ်။ ဆေးရုံကို မခေါ်တော့ဘူး ဘာစစ်ဆေးမှုမှ လုပ်မပေးတော့ဘူး။ အခုနောက်ပိုင်းက။ ဆရာဝန် နှစ်ဦးလောက်ပါတယ်၊ ဆရာဝန်အကူပါတယ် သူနာပြုပါတယ် reception ပါတယ်”

"သူတို့က သတင်းပေါက်ကြားမခံဘူး၊ ဓာတ်လှေကားအတူတူ သုံးရတာဆိုတော့ ထိတွေ့မှုက ရှိမှာပဲ။ ကူးစက်မှုများနေတဲ့အချိန် ဆေးရုံကို ပိတ်ထားသင့်တယ်”

နေအိမ်တွေ အဆောင်တွေမှာနေနေရတဲ့ ကိုဗစ် ကူးစက်ခံရသူတွေဟာ ဆေးဝါးကုသမှု တစုံတရာမရသလို ခွင့်ကိုလည်း တပတ်သာပေးပြီး ကျန်တဲ့ခွင့်ရက်တွေကို လစာမဲ့အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း ဆေးရုံက ပြောဆိုတယ်လို့လည်း သူက ဆိုပါတယ်။

“ဆေးတွေလဲ မပေးဘူး။ ဘာဆေးသောက်ပါလဲ မညွှန်ကြားဘူး။၊ အောက်ဆီဂျင်လဲ ပေးတာလဲ မရှိဘူး။ ဒါ positive ဖြစ်နေသူအတွက်ဆိုပြီး ကြက်ပေါင်းတွေ၊ ငှက်သိုက်တွေ၊ ကြက်ဥတွေ ပေးတာမျိုး အဲဒါတွေဘာမှ မရှိဘူး။ quarantine center ဝင်တဲ့သူတွေက ပြောကြတယ် ဒီမှာနေတာကမှ ကောင်းဦးမယ်တဲ့ ကွာရန်တင်းစင်တာမှာ အရမ်းဆိုးတဲ့သူတွေ ရှိပြီး အဲရောက်ရင် ရောဂါပိုဆိုးသွားတာ များတယ်တဲ့။ ခွင့်ဆိုလဲ မပေးဘူး၊ သူတို့ဆေးရုံမှာလုပ်တာပဲ တပတ်ပဲပေးပြီး နောက်ပိုင်းကို လစာမဲ့ပဲ ယူရမယ်တဲ့”

33052073_405098093293013_5636742644370505728_n.jpg
ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်လမ်းက ကန်သာယာဆေးရုံ။ (Photo: KAN THAR YAR International Specialist Hospital)

ကန်သာယာဆေးရုံဟာ နိုင်ငံတကာအဆင့်မီ နှလုံးနဲ့ကျောက်ကပ် အထူးကုဆေးရုံဖြစ်ပြီး လက်ရှိဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်း ၂၀၀ ခန့် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာ ၂၄ ဦးရှိပြီး နေ့စဉ်ဆေးရုံလာပြတဲ့ လူနာက လူနာ ၇၀ ခန့်ရှိတယ်လို့လဲ ပြောပါတယ်။

ဆေးရုံတက်နေတဲ့ လူနာတွေထဲက အသက်အရွယ်ကြီးသူ ငါးဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ပြီး ဒီသေဆုံးမှုကို လူနာတွေကို အသိမပေးတဲ့အတွက် နောက်ထပ်ကူးစက်ပြန့်ပွားမှု များလာမှာကို စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

“သူနာပြုအကူတွေ ကူးတယ်။ သူနာပြုအကူကနေ လူနာတွေကို ကူးတယ်။ အခုဆိုရင် positive နဲ့ဆုံးတာ ဆေးရုံမှာလူနာ ငါးယောက်လောက်ရှိတယ်။ အသက်ကြီးတဲ့လူတွေ အောက်ဆီဂျင် ကျပြီးတော့လေ။ လူနာတွေက မသိဘူး၊ သူတို့ကလဲ မပြောဘူး။ လူနာတွေက မေးတယ်။ ဒီဆေးရုံမှာ positive လူနာရှိလားဆိုတော့ သူတို့က မပြောဘူး။ သူတို့က သတင်းပေါက်ကြားမခံဘူး၊ ဓာတ်လှေကားအတူတူ သုံးရတာဆိုတော့ ထိတွေ့မှုက ရှိမှာဘဲ။ ကူးစက်မှုများနေတဲ့အချိန် ဆေးရုံကို ပိတ်ထားသင့်တယ်”

မြန်မာနိုင်ငံမှာ အခု ကူးစက်မြန်ကိုဗစ်ရောဂါပိုးကြောင့် လူအများ အသက်သေဆုံးနေရတဲ့အချိန် အခုလို သတင်း အမှောင်ချတာမျိုး မလုပ်သင့်ဘူးလို့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပုလိစ် မြို့က ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ နေ့စဉ် လူနာအသစ် သေဆုံးသူအသစ် စာရင်းတွေတက်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တကယ်တမ်း ကူးစက်ခံရသူ သေဆုံးသူအရေအတွက် အတော်ကွာပါတယ်လို့ ပြည်တွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ပုဂ္ဂိုလ်တွေက ပြန်ပြောကြတယ်။ ဒါကြောင့် ကိန်းဂဏန်းအမှန်ကို သိခွင့်မရခြင်းဟာ ဒီကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အဟန့်အတား အနှောင့်အယှက်ကြီးစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး ဆေးရုံကြီးက အဲဒီလို ကူးစက်ရောဂါ ကုသမှု သေဆုံးမှုတွေ ထိန်ချန်ခြင်းဟာ မြန်မာတနိုင်ငံလုံးမှာ ဘယ်လိုဆိုးနေတယ်ဆိုတာ သရုပ်ပြနေတာဖြစ်တယ်”

26060408_345471795922310_8792785323121045597_o.jpg
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကန်သာယာဆေးရုံဖွင့်ပွဲ တက်ရောက်လာတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။(Photo: KAN THAR YAR International Specialist Hospital)

လက်ရှိမှာ ကန်သာယာဆေးရုံက ဝန်ထမ်းတွေဟာ အလှည့်ကျ ညဘက်အချိန်ပိုဆင်းရပြီး လုံခြုံရေးတာဝန် ယူနေကြရတယ်လို့လည်း အဲဒီဝန်ထမ်းကပြောပါတယ်။ ဒီလိုအချိန်ပိုလုပ်ကြရတဲ့အတွက် လာစာတိုးရတာမျိုးလဲ မရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ဗုံးဖောက်ခွဲမှာ စိုးရိမ်တဲ့အတွက် ဆေးရုံပြင်ပမှာ စစ်သားတွေကို လုံခြုံရေး ချထားတယ်လို့လည်း ဆိုပါတယ်။

ကန်သာယာဆေးရုံဟာ ရှစ်ထပ်ခွဲ အဆောက်အဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလမှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံရဲ့ အဆောက်အဦး နဲ့ စက်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကနေ ၇၀၀ ကြား တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပြီး ဆေးရုံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။