သက်တော်စောင့် ချယ်ရီထက် ထောင် သုံးနှစ် အမိန့်ချခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်ကနေ ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး သူ့ကို စွဲထားတဲ့ နောက်တစ်မှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အမှုက ဆက်လက်စစ်ဆေးဆဲပဲလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့ကို ကြာသပတေးနေ့တုန်းက ရဲတရားရုံးမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်သုံးနှစ်ချပြီး ရမည်းသင်းထောင်ကို ကြာသပတေးနေ့ကပဲ ပို့လိုက်တယ်။ အဲဒီအမှုက စစ်ဆေးပြီးသား အမိန့်ချဖို့ စောင့်နေတာ။ ၅၀၅ (က) အမှုကို တရားစွဲမတင်ကတည်းက စစ်ထားတဲ့သဘော”
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အမှုကို လာမယ့် ဇန်နဝါရီ ၆ ရက်ကိုမှာ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲချက်ပေးရမယ်လို့လည်း ပြောပါတယ်။
ဒု-ရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ် ဇွန်လက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေတာတွေ၊ လက်နက်ကိုင်ဆောင်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေ ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေ အပြန်အလှန်ပေးတာတွေလုပ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ရတာလို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ချယ်ရီထက်က လူမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့ မတ်လအတွင်း “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “ လွမ်းလိုက်တာအမေ ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း အဲဒီထုတ်ပြန် ချက်မှာ ပါရှိပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲ တာဝန်ယူချိန် ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ရဲအုပ် ချယ်ရီထက်ကို သက်တော်စောင့်အဖြစ် တာဝန်ပေးခံ ခဲ့ရတာဖြစ်ပါတယ်။
ဒု-ရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့ရသူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူဖြစ်ပါတယ်။