မနိုင်တော့မှန်းသိမှ စစ်တပ်က ဆွေးနွေးလာလိမ့်မယ်လို့ ကန်သံအမတ်ဟောင်း ပြော
2021.09.22
စက်တင်ဘာလ ၂၂ရက်၊ မနေ့က အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေအကြောင်း ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က လက်ရှိအချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အချိန်မတန်သေးဘူးလို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အာဏာသိမ်း စစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ကြဖို့ တိုက်တွန်းတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့နောက်၊ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံ အစိုးရအချို့က အကြမ်းဖက်တိုက်ခိုက်တာကို အားမပေးကြောင်း ပြောကြားခဲ့ကြတာနဲ့ ပတ်သက်ပြီး၊ မြန်မာပြည်သူအချို့ဟာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်တိုက်ခိုက်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်လာတာကို နားလည်ပေးလို့ရတယ်လို့ မစ္စတာ စကော့မာစီရယ်က ပြောလိုက်ပါတယ်။
“ကျွန်တော် မြင်တာကတော့ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေတွေ ဖြစ်လာအောင် စစ်တပ်ကပဲ လုပ်ခဲ့တာပါ။ ပထမ အာဏာသိမ်းတယ်။ အဲဒီနောက် ပြည်သူတွေက အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုတွေ၊ လမ်းမပေါ် ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်က အလွန်ဆိုးဝါးတဲ့ အင်အားသုံး ဖြိုခွင်းမှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် မြန်မာပြည်သူတွေဘက်က တွေ့ဆုံဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ရွေးခြယ်စရာ မကျန်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း မြန်မာ ပြည်သူအချို့ဟာ အခြား နည်းလမ်းတွေနဲ့ တိုက်ပွဲဝင်လာကြတာ နားလည်ပေးလို့ရပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံ အစိုးရတွေ အနေနဲ့ကတော့ အကြမ်းဖက် တိုက်ခိုက်တာတွေကို ထောက်ခံကြောင်း ပြသဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန်အစိုးရနဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အဖြစ်အပျက်အားလုံးအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်ဆိုတာ ပြတ်ပြတ်သားသား ပြောထားတာတွေ့နိုင်ပါတယ်။ ဒါ့အပြင်၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်ပေါ် ပြန်ရောက်ဖို့ နဲ့ ပြည်သူနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အစိုးရတက်လာနိုင်ဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားပေးထောက်ခံတယ်ဆိုတာလည်း ထင်ထင်ရှားရှား ပြသထားပါတယ်"
ခုလို ပြောကြားလိုက်တာဟာ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက် မဟုတ်ပဲ မိမိတစ်ဦးတည်းရဲ့ ပုဂ္ဂိုလ်ရေးအမြင်သာ ဖြစ်တယ်လို့ မစ္စတာ စကော့မာစီရယ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့နောက် မြန်မာပြည်သူတွေဟာ ဗမာနဲ့ တိုင်းရင်းသား မခွဲခြားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင် ဆန္ဒပြကြတာကို ကြည့်ရင်၊ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အတိုက်အခံလှုပ်ရှားမှုအဆင့်တင် မဟုတ်ဘဲ နိုင်ငံအဆင့် တော်လှန်ရေး လှုပ်ရှားမှုလို့ ဆိုနိုင်ကြောင်း၊ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်ဖြစ်မှုလည်းမရှိ၊ လူထုထောက်ခံမှုလည်း မရှိ၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုစိတ်လည်း မရှိတဲ့အတွက် နိုင်ငံကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အဖွဲ့အစည်းအဆင့်ပဲ ရှိတယ်လို့ မစ္စတာ စကော့မာစီရယ်က ပြောပါတယ်။
မြန်မာနိုင်ငံအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့တာနဲ့ ပတ်သက်လို့လည်း လက်ရှိအချိန်ဟာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အချိန်မတန်သေးဘူးလို့ မစ္စတာ စကော့မာစီရယ်က သုံးသပ်ပါတယ်။
“ကျွန်တော် ယုံကြည်တာကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို ပြည်တွင်း ပြည်ပကနေ ဝိုင်းပြီး ဖိအားပေးဖို့ လိုပါတယ်။ အကြောင်းကတော့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပြန်ရအောင် လုပ်ပေးနိုင်မှာ မဟုတ်သလို၊ နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်းလည်း မရှိပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်က အရာရှိတွေအနေနဲ့ သူတို့ဘက်က အနိုင်ရမှာ မဟုတ်တဲ့အကြောင်း နားလည် သဘောပေါက်လာတဲ့အထိ ပြင်းထန်တဲ့ ရေရှည် ဖိအားပေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီလိုနားလည်သဘောပေါက်လာတဲ့ အခြေအနေရောက်တဲ့အခါ သူတို့အတွက် ထွက်ပေါက် ရှာလာပါလိမ့်မယ်။ အပေးအယူတွေလုပ်ဖို့လည်း လက်ခံလာပါလိမ့်မယ်။ အဲဒီလို အခြေအနေရောက်မှ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမယ့် အချိန်ရောက်ပါလိမ့်မယ်။“
လက်ရှိ အချိန်မှာ အာဏာသိမ်း စစ်ကောင်စီဟာ စီးပွားရေးကျဆင်းမှုနဲ့ ကပ်ရောဂါကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို လုံးဝ ဂရုမစိုက်ပဲ သူတို့ အာဏာတည်မြဲဖို့ပဲ ကြိုးပမ်းနေသလို၊ အာဏာသိမ်းထားတာကို အလျှော့ပေးမယ့် အနေအထားလည်း မရှိကြောင်း၊ အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း အားလျော့သွားဖို့ မရှိတဲ့အတွက် တိုက်ခိုက်မှုတွေ ပိုများလာပြီး၊ လာမယ့် အချိန်အတိုင်းအတာ တစ်ခုအထိ မြန်မာပြည်သူတွေရဲ့ ခံစားရတဲ့ ဒုက္ခဆင်းရဲမှုတွေဟာ ပိုဆိုးလာမယ်လို့ ထင်ကြောင်း မစ္စတာ Scot Mercial က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ မင်နီဆိုတားပြည်နယ် Carleton College က နိုင်ငံတကာရေးရာ ပါမောက္ခ ဦးထွန်းမြင့်၊ ယေးလ်တက္ကသိုလ်မှာ ပညာရှင်အဖြစ် ရောက်ရှိနေတဲ့ PEN Myanmar အဖွဲ့က မသီတာ နဲ့ Asbury Theological Seminary က ချင်းတိုင်းရင်းသား ပါရဂူကျောင်းသား ဒေးဗစ်မိုး တို့က ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။