စစ်အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့် ဆုံးရှုံး
2021.07.27
RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၂၁ အတွက် ပြုစုတဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံဟာ ၁၄၀ မြောက်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း RSF ကအတည်ပြုနိုင်သလောက် သတင်းသမား ၄၃ ယောက် လောလောဆယ် အကျဉ်းကျနေတယ်လို့ ပြောပါတယ်။
သတင်းသမားတွေကို နည်းမျိုးစုံနဲ့ ထိပါးနှောင့်ယှက် ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ခြောက်လအတွင်း သတင်းသမား ၉၈ ယောက် ဖမ်းဆီးခံရတယ်လို့ RSF ကစာရင်းပြုစုထားပါတယ်။

ဒီလိုသတင်းလောက ရုတ်တရက် ပြောင်းလဲသွားတာကို သတင်းစာဆရာ ဦးမြင့်ကျော်က ကိုယ်တွေ့ကြုံရသူပါ။
စစ်အစိုးရအဆက်ဆက် သတင်းမှောင်ချခံရပြီး တင်းကျပ်တဲ့ စာပေစိစစ်ရေးကို ဖြတ်သန်းလာရရင်း သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်နဲ့ NLD အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်မှာ သတင်းလွတ်လပ်ခွင့်ရလာတဲ့ အရှိန်နဲ့ စစ်အာဏာသိမ်းပြီးစမှာ လှုပ်ရှားနိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ စာရေးဆရာဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို စစ်ကောင်စီက ဖမ်းဆီးပါတယ်။
မန္တလေးက ဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခံရမှုက စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တဦး ပထမဆုံး ဖမ်းဆီးခံရတဲ့အမှုလို့ RSF က မှတ်တမ်းပြုစုထားပါတယ်။
အာဏာထိန်းတယ်လို့ ပြောတဲ့ စစ်တပ်ကို မီဒီယာတွေက အာဏာသိမ်းစစ်အစိုးရ၊ စစ်အစိုးရစတဲ့ အခေါ်အဝေါ်မသုံးဖို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ စစ်ကောင်စီက သတိပေးပါတယ်။
သတင်းသမားတွေကို တဖက်က နှိမ်နင်းရင်း DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ 7 Day News ခေတ်သစ်မီဒီယာ၊ မဇ္ဈိမ နဲ့ Myanmar Now သတင်းဌာန ငါးခုကို မတ် ၈ ရက်မှာ စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို လည်း ဆန္ဒပြပွဲသတင်းတွေ မယူတော့ပါဘူးလို့ ရဲက မတ် ၁၅ မှာ အဓမ္မ လက်မှတ်ရေးထိုးခိုင်းတယ်လို့ RSF ကပြောပါတယ်။ သတင်းမှားဖြန့်မှုစွဲချက် အပါအဝင် အယူခံဝင်ခွင့်အလားအလာမရှိဘဲ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ကောင်စီက မတ် ၁၇ ရက်မှာ ကြေညာပါတယ်။
ဒီလိုမျိုးနဲ့ မြန်မာ့သတင်းလောက အမှောင်ခေတ်ကို တဖြည်းဖြည်းပြန်ရောက်လာပါတယ်။ စစ်အစိုးရခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ခြယ် တင်းကျပ်တာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်လောက် သတင်းသမားတွေ အဖမ်းဆီးမခံရဖူးဘူးလို့လည်း ဦးမြင့်ကျော်ကပြောပါတယ်။
ဖမ်းဆီးပြီး ပြစ်ဒဏ်တွေလည်း ချမှတ်တာပါ။ မတ်လ ၃ ရက်မှာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ပြည်မြို့ အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို မေ ၁၂ ရက်မှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) -တပ်ကို အကြည်ညိုပျက်စေမှုနဲ့ မေ ၁၂ ရက်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာ ဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတင်းထောက်တဦးကို ပထမဆုံး ပြစ်ဒဏ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားကို ကိုယ့်လက်ခုပ်ထဲက ရေလို ထင်သလို လုပ်သလို နိုင်ငံခြားသား သတင်းစာဆရာကိုလည်း စစ်ကောင်စီက စိတ်ချမ်းသာခွင့်မပေးပါဘူး။ Frontier Myanmar သတင်းမဂ္ဂဇင်း အမှုဆောင် အယ်ဒီတာ အမေရိကန်လူမျိုး Danny Fenster ဟာ မြန်မာနိုင်ငံက ပြန်ထွက်ချိန်မှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မေ ၂၄ ရက်က ဖမ်းဆီးခံလိုက်ရပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကအခြေအနေ သတင်းရယူဖို့ စဉ်းစားနေတဲ့ ပြည်ပသတင်းထောက်တွေကို သတိပေးလိုက်တာပဲလို့ RSF ကမှတ်ချက်ပေးပါတယ်။

စစ်ကောင်စီဟာ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၀၅-က ကို လက်ကိုင်ထားပြီး တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နဲ့ မဇ္ဈိမ သတင်းအလွတ်သတင်းထောက် ကိုဇော်ဇော်တို့ကို ဇွန် ၂ ရက်မှာ ထောင်ဒဏ် နှစ်နှစ်စီချမှတ်ပါတယ်။
ဇွန် ၃၀ မှာ သတင်းထောက် ၆ ယောက်အပါအဝင် အကျဉ်းသားတွေပြန်လွှတ်ပေးပေမဲ့ မင်းသားခေါင်းဆောင်းတာဖြစ်ပြီး နောက် သီတင်းနှစ်ပတ်မှာ လွှတ်ပေးပြီးသား သတင်းထောက်တချို့ကို ပြန်ဖမ်းဆီးပါတယ်။ ဒီထဲ Ayeyarwady Times သတင်းထောက် ကိုအောင်မြသန်းပါဝင်တာပါ။ သူ့ကို ဇူလိုင် ၁၀ ရက်မှာ ပြန်ဖမ်းဆီးပြီး အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေဟာ နိုင်ငံတဝန်းက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တင်ပြနိုင်သူတွေ ဖြစ်ပေမယ့် ရက်စက်ကြမ်းတမ်းတဲ့ ဖြိုခွင်းမှုရဲ့ ပစ်မှတ်တွေဖြစ်တယ်ဆိုတာ မနှေးအမြန်သိလာပါတော့တယ်။