စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ အလုပ်အကိုင် တစ်သန်းကျော် ဆုံးရှုံး
2021.07.20

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ အခုထိ (၇) လ အတွင်း စီးပွားရေးထိခိုက်ခဲ့ရပြီး အလုပ်အကိုင်ပေါင်း တစ်သန်းနှစ်သိန်းလောက် ဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ်အတွင်း၊ အလုပ်အကိုင်ရရှိမှု ၆ ရာခိုင်နှုန်းသာ ရှိခဲ့လို့ အလုပ်လက်မဲ့အရေအတွက် တစ်သန်း နှစ်သိန်းကျော်အထိ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံး လေးလပတ် အတွင်းကတော့ အလုပ်လက်မဲ့ ၃.၂ သန်း ရှိခဲ့လို့ ၁၅ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။
ဒီအတောအတွင်း ကူးစက်မြန် ကိုရိုနာကပ်ရောဂါနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် စက်ရုံအလုပ်ရုံ အတော်များများ ပိတ်ခဲ့ရပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုထိခိုက်ခဲ့ရပါတယ်။