ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း
2013.10.03
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အပြည့်အ၀ လွတ်လပ်မျှတပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးနိုင်အောင် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အချိန်မီ ပေါ်ပေါက်လာလိမ့်မယ်လို့ မိမိတို့မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jason Rebholz က မနေ့က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီလုပ်ငန်းစဉ် အပြည့်အဝအောင်မြင်ဖို့အတွက် လူနည်းစုအခွင့်အရေး၊ အရပ်ဘက်က ထိန်းချုပ်တဲ့စစ်တပ်၊ ခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တဲ့ နိုင်ငံသားအခွင့်အရေးတွေ အပါအဝင်၊ ခေတ်မီနိုင်ငံတော်တစ်ခုရဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ဥပဒေဆိုင်ရာ အဆောက်အအုံ အခင်းအကျင်းတစ်ရပ် လိုအပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။