စစ်မှုထမ်းဥပဒေနဲ့မညီဘဲ ငွေကြေးတောင်းခံသူတွေကို အရေးယူထားကြောင်း စစ်ကောင်စီထုတ်ပြန်
2025.01.27

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မညီဘဲ ငွေကြေးရယူဆောင်ရွက်နေသူတွေကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရဲမှူး သန်းဇော်၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်တို့ဟာ ဧည့်စာရင်းစစ်ချိန်မှာ ဖမ်းဆီးခဲ့သူတစ်ဦးထံကနေ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စုစုပေါင်းငွေကျပ် သိန်း ၁၃၀ တောင်းယူခဲ့တာကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို အလွဲသုံးစားလုပ်ပြီး ငွေကြေးတောင်းခံသူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပြီး ဘယ်ပုဒ်မနဲ့ အရေးယူမယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်း ထုတ်ပြန်တာမရှိပါဘူး။
ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေဟာ အမှတ် ၄ ရပ်ကွက်ကို ဇန်နဝါရီ ၂၄ ရက်နေ့ညက ဧည့်စာရင်းဝင်စစ်ချိန်မှာ အသက် ၂၄ နှစ်အရွယ် မောင်ကျော်မင်းခန့်ဟာ ဧည့်စာရင်းတိုင်ကြားခြင်းမရှိဘဲ နေထိုင်နေတာကြောင့် ဖမ်းဆီးသွားခဲ့ပြီး စစ်မှုထမ်းအပို့မခံရလိုရင် ငွေကျပ်သိန်း ၁၃၀ ပေးဖို့ မိသားစုထံကို တောင်းခံခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။ အဲဒီတောင်းခံခဲ့တဲ့ ငွေကျပ်သိန်း ၁၃၀ ကို မောင်ကျော်မင်းခန့်ရဲ့ မိသားစုကို ပြန်လည်ပေးအပ်ထားပြီးဖြစ်ကြောင်းလည်း စစ်ကောင်စီက ပြောထားပါတယ်။
စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီဘဲ ဆောင်ရွက်ချက်တွေကို ပြည်သူတွေအနေနဲ့ ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း စစ်ကောင်စီက အသိပေးထားပါတယ်။