ကမ္ဘာ့ထိပ်တန်း ကိုကာကိုလာ အချိုရည် မြန်မာနိုင်ငံ မှာ ပြန်လည်ရင်းနှီးမြှုပ်နှံ
2013.06.04

နှစ်ပေါင်း ၆ဝ ကြာပြီးနောက် မြန်မာနိုင်ငံ မှာ ပြန်လည်ရင်းနှီးမြှပ်နှံလိုက်တဲ့ အမေရိကန်နိုင်ငံက ကမ္ဘာကျော် COCA-COLA အဖျော်ရည်ကုမ္ပဏီဟာ လာမယ့်ငါးနှစ်တာကာလအတွင်း ဒေါ်လာ သန်း၂ဝဝ ကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၂ သောင်းကျော် ဖန်တီးပေးသွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မှော်ဘီမြို့နယ်က Coca-Cola စက်ရုံမှာပြုလုပ်တဲ့ အခမ်းအနားမှာ Coca-Cola ကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ် အမူဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ မစ္စတာ မူတာကန့် ( Muhtar Kent) က ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ coca-cola ကုမ္ပဏီဟာ အမေရိကန်နဲ့ နိုင်ငံတကာက မြန်မာနိုင်ငံ အပေါ်မှာ အရေးယူပိတ်ဆို့မှုတွေရုပ်သိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ရင်းနှီမြှုပ်နှံဖို့ အစောဆုံး ဝင်ရောက်လာတဲ့ အမေရိကန်ကုမ္ပဏီဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Derek Mitchell၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းအောင်စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အခုလို coca-cola ကုမ္ပဏီ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တာဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်တယ်လို့ အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကိုလာကိုလာ အချိုရည်ကို လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် သြဂုတ်လကတည်းက ပင်းယကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ဖြန့်ဖြူးနေ တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းတစ်ထောင်ကျော်ရှိပြီး နောက်ထပ်စက်ရုံသစ်ဖွင့်သွားမှာဖြစ်တဲ့ အတွက် အလုပ်သမားနှစ်သောင်းကျော်လောက် အလုပ်ခန့်ထားနိုင်မယ်လို့ သိရပါတယ်။