စစ်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က မြန်မာကို တိုက်တွန်း
2010.09.08

တရုတ်သမတ ဟူဂျင်တောင်ကလည်း မြန်မာနဲ့ တရုတ်ဆက်ဆံရေး ကောင်းမွန်ဖို့ တရုတ်က အထူးအလေးထားကြောင်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ နှစ်နိုင်ငံစလုံးအတွက် အင်မတန် အရေးပါကြောင်း ပြောပါတယ်။
အင်္ဂါနေ့ကတော့ တရုတ်စစ်ဦးစီးချုပ် Chen Bingde နဲ့ စစ်အစိုးရခေါင်းဆောင် လက်ရှိ နံပါတ်(၃) အဆင့် သူရ ဦးရွှေမန်းတို့ တွေ့ဆုံပြီး နှစ်နိုင်ငံစစ်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ တရုတ် ကာကွယ်ရေး ဦးစီးချုပ်ကတော့ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ စစ်ရေးအရ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပွဲအပြီးမှာ တိုက်တွန်းလိုက်ပါတယ်။
အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့မှာ အမေရိကန်နဲ့ စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွေ အရင်ကထက် ပိုပြီး ရှိလာတာကို တရုတ်အနေနဲ့ စိုးရိမ်လာတဲ့အတွက် အခုလိုအိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ရေးအရ ပိုပြီး ထင်ထင်ပေါ်ပေါ် ပူးပေါင်းဆက်ဆံလာတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက မြန်မာ့အရေး လေ့လာနေသူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောပါတယ်။
“အရှေ့တောင်အာရှမှာ၊ အထူးသဖြင့် အရှေ့အာရှမှာ အမေရိကန်က ပြန်လည် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ ဂျပန်နဲ့ ပေါင်းပြီးတော့ကော၊ တောင်ကိုရီးယားနဲ့ ပေါင်းပြီးတော့ကော အမေရိကန် စစ်သင်္ဘောတွေပေါ့။ အဲဒီတော့ အမေရိကန်ရဲ့ စစ်အခြေခံစခန်းက ဂျပန်မှာလည်း သူက လေးသောင်းကျော် ရှိတယ် စစ်သား။ တောင်ကိုရီးယားမှာလည်း နှစ်သောင်းကျော်။ အဲဒီတော့ သူ့စိတ်ထဲမှာ သူက အဝိုင်းခံနေရတယ်၊ တရုတ်က။ အဲဒါကြောင့်မို့ သူကလည်း လက်ဦးမှုရှိရှိ သူ့ ဘေးပတ်ဝန်းကျင်က၊ အထူးသဖြင့် သူ့ဘေးပတ်ဝန်းကျင်က နိုင်ငံတွေ သူက လက်ဦးမှုရှိရှိ ပူးပေါင်းတာ ဆောင်ရွက်တာ၊ သူကိုယ်တိုင်က တက်တက်ကြွကြွ လုပ်တာ ရှိတယ်။”
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ သူ့ခရီးစဉ်မှာ ဆွေးနွေးပြောဆိုမဲ့ အကြောင်းအရာတွေ အတိအကျ မသိရပေမဲ့ လာမဲ့ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် တရုတ်ရဲ့ ထောက်ခံမှုရဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။ ဒါအပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စနဲ့ နယ်စပ်ဒေသ အရေး အလေးထား ပြောဆိုဖို့ ရှိတယ်လို့လည်း ယူဆကြပါတယ်။
ကြာသပတေးနေ့မှာတော့ ဝန်ကြီးချုပ် Wen Jiabao နဲ့ အခြားဝန်ကြီးတွေ့ဆုံအပြီး ရှန်ဟိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲနဲ့ ကုန်သွယ်ရေးလုပ်ငန်း တရှိန်ထိုးတိုးမြှင့်လာတဲ့ ရှန်ဇန်းမြို့ကို သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။
ဒေသတွင်း မိတ်ဖက် ကုန်သွယ်စီးပွားရေး တိုးချဲ့ဖို့အတွက် တရုတ်က အဓိက ဦးတည်လာတဲ့ နေရာမှာ မြန်မာနိုင်ငံကိုလည်း စည်းရုံးလာတာ ဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ အကြောင်းစုံကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |