မြန်မာပြဿနာကို စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာဖို့မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြော

2021.09.01
မြန်မာပြဿနာကို စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာဖို့မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်
Photo: Myanmar Military

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေ ဘောင်ထဲက နေပြီး နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် ဆီလျော်တဲ့အဖြေတစ်ရပ်ကို ရှာဖွေကြဖို့ မျှော်လင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဝမ်ဝင်ပင်း (Wang Wenbin) က မနေ့က ပြောလိုက်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ မနေ့ကပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း ( Sun Guoxiang) ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံကို ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ရှစ်ရက်ကြာ လာရောက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ စွန်းဂေါ်ရှန်းရဲ့ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ ပြည်ထောင်စုအစိုးရရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့နဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ တရုတ်မြန်မာ ကိုဗစ် - ၁၉ ရောဂါနှိမ်နင်းရေး အတွက် ပူပေါင်းဆောင်ရွက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဆီယံနဲ့လက်တွဲပြီး မြန်မာစစ်ကောင်စီရဲ့ ဘုံသဘောတူညီချက် ငါးချက် အကောင် အထည်ဖော်ဖို့ တက်ကြွစွာ ထောက်ခံကြောင်းနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကြိုးပမ်းမှုမှာ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ပေမယ့် ပြည်ပစွက်ဖက်မှုတွေကိုတော့ ဆန့်ကျင်တယ်လို့ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ ကိုဗစ်ရောဂါတိုက်ဖျက်ရေး အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို တရုတ်ထံ သတင်းပေး တင်ပြခဲ့ သလို ငြိမ်းချမ်းရေးထိန်းသိမ်းဖို့၊ စီးပွားရေးပြန်လည်အားကောင်းလာဖို့နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို မြှင့်တင်ဖို့ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်က မစ္စတာ စွန်းဂေါ်ရှန်းရဲ့ခရီးနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်တာ လည်း မရှိသလို စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာလည်း ထုတ်ပြန်ကြေညာတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-01 23:27

The people don't accept the china and Myanmar military coup.