တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံ
2018.03.27

တရုတ်နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးတို့အတွက် နှစ်ဘက်အမြင်ချင်း ဖလှယ်နိုင်ဖို့ ရန်ကုန်မြို့ တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းတို့ ပူးတွဲကျင်းပခဲ့တာလို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ တိုးများလာနေပြီး၊ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို ကြီးကြီးမားမား အထောက်အကူဖြစ်လာတယ်လို့ တရုတ်သံရုံးက စီးပွားရေးနဲ့ ကုန်သွယ်ရေး ကောင်စစ်ဝန်က အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
လောလောဆယ် တရုတ်နဲ့ မြန်မာ အပြန်အလှန်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၅၄ ဘီလျံဖိုးရှိနေပြီး၊ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်းဟာ တရုတ်နဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအသွင် ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းလက်တွဲဆောင်ရွက်သွားဖို့ ကတိပြုတယ်လို့ တရုတ်သံအမတ်ကြီး ဟောင်လျံကလည်း ပြောကြားခဲ့ပါတယ်။
အဲဒီအခမ်းအနားကို တရုတ်နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၂၀၀ လောက်တက်ရောက်ခဲ့ပါတယ်။