ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှိ ထောက်ခံ


2013.08.23

ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံး အတွင်းဝန် Hugo Swire က မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု လုံးဝရပ်စဲရေးအတွက် ကုလသမဂ္ဂ ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရအနေနဲ့ အပြည့်အဝလိုက်နာဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရှက်ဖွယ်လုပ်ရပ်တစ်ခုဖြစ်တဲ့ ကလေးစစ်သားအသုံးပြုမှု ပပျောက်အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို ဗြိတိသျှအစိုးရက အစဉ်အမြဲ ခိုင်မာစွာထောက်ခံခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုးတက်မှုတွေ အမှန်ပကတိဖြစ်ပေါ်ခဲ့တာကို မိမိတို့မြင်တွေ့ပါကြောင်း၊ ယခုလတ်တလောမှာတင် ကလေးစစ်သားအများအပြား လွှတ်ပေးလိုက်တာဟာလည်း မြန်မာအစိုးရရဲ့ ကတိတည်တဲ့လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် တိုးတက်မှုအဖြစ်ကြိုဆိုပါကြောင်း၊ ဒါပေမယ့် ဒီမျှနဲ့မလုံလောက်ပဲ အဲဒီ ကလေးစစ်သားဟောင်းတွေရဲ့ ဘဝတွေပြန်လည်ရှင်သန်ရေးနဲ့ နောက်ထပ် ကလေးစစ်သားစုဆောင်းမှုတွေ လုံးဝပပျောက်အောင် ဆောင်ရွက်ဖို့လည်းလိုကြောင်းစသဖြင့် ဗြိတိသျှနိုင်ငံခြားရေးရုံး အတွင်းဝန်က ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ Mr. Hugo Swire က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကုလလုံခြုံရေးကောင်စီ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ စစ်မက်ဖြစ်ပွားရာဒေသရှိ ကလေးသူငယ်များဆိုင်ရာအဖွဲ့က မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှု အမြန်ဆုံးရပ်စဲဖို့နဲ့ ဒီကိစ္စအတွက် ကုလသမဂ္ဂ ကျွမ်းကျင်သူတွေအနေနဲ့ သက်ဆိုင်ရာဒေသတွေကို သွားရောက်စုံစမ်းနိုင်အောင် အပြည့်အဝကူညီဖို့ တောင်းဆိုခဲ့တာကို မိမိထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ စစ်မက်ဖြစ်ပွားဒေသ ကလေးသူငယ်များဆိုင်ရာအဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပြီး ကလေးစစ်သားအသုံးပြုမှုဆိုင်ရာ အခြေအနေတွေကို လေ့လာစစ်ဆေးဖို့အတွက် လုံခြုံရေးကောင်စီဟာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။