အကူအညီဖြတ်တောက်မှုကြောင့် ကလေးငယ် သေဆုံးနှုန်း တိုးလာနိုင်ကြောင်း ကုလ သတိပေး

RFA Burmese
2025.03.25
အကူအညီဖြတ်တောက်မှုကြောင့် ကလေးငယ် သေဆုံးနှုန်း တိုးလာနိုင်ကြောင်း ကုလ သတိပေး ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

နိုင်ငံတကာ လူသားချင်းစာနာမှုအကူညီတွေ ဖြတ်တောက်မှုတွေကြောင့် မွေးကင်းစကလေး သေဆုံးမှုနှုန်း ပြန်ပြီးမြင့်တက်လာနိုင်တယ်လို့ ကုလသမဂ္ဂက မတ်လ ၂၄ ရက် တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ဒီအကျိုးဆက်ကို မွေးကင်းစကလေး သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အာဖရိက ဆာဟာရ သဲကန္တာရ ဒေသနဲ့ တောင်အာရှမှာ အဆိုးဝါးဆုံး ခံစားရနိုင်တယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။

၂၀၂၃ ခုနှစ်မှာ အသက် ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှု ၄.၈ သန်း ရှိခဲ့ပြီး အဲဒီထဲမှာ တစ်လအောက် မွေးကင်းစကလေး ၂. ၃ သန်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ၅၂ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ရန်ပုံငွေဖြတ်တောက်မှုကြောင့် ကျန်းမာရေးလုပ်သား ရှားပါးမှု၊ ဆေးခန်းတွေ ပိတ်လိုက်ရတာ၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ ရပ်လိုက်ရတာ၊ ငှက်ဖျားကုသဖို့ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေ ချို့တဲ့တာ စတဲ့ပြသနာတွေ ကြုံနေရပြီဖြစ်တယ်လို့ ဆိုပါတယ်။

နေ့စဉ်နေ့တိုင်း ကမ္ဘာတဝှမ်းက အမျိုးသမီး ၅၀၀၀ ဟာ ကြေကွဲဖွယ်ရာ ကလေး အသေ မွေးဖွားခြင်းတွေ ကြုံနေရတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကနေ မွေးကင်းစ ကလေးတွေကို ကာကွယ်ရေးနဲ့ ကလေးငယ်တွေအတွက် အခြေခံစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် သန်းပေါင်းများစွာသော မိသားစုတွေအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Dr. Adhanom Ghegreyesus က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။