မြန်မာမှာ ကျန်းမာရေး အကူအညီလိုသူ ၁၂ သန်းကျော် ရှိလာကြောင်း WHO ပြော
2024.12.20
၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံက လူ ၁၂ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အကူအညီလိုအပ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အလိုအပ်ဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာလည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေ ထိခိုက်ပျက်စီးတာ၊ ကျန်းမာရေး စင်တာတွေနဲ့ ဝန်ထမ်းတွေ တိုက်ခိုက်ခံရတာ၊ အိမ်သုံးဆေးဝါး ရရှိနိုင်တဲ့အခက်အခဲနဲ့ ကျွမ်းကျင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မလုံလောက်တာတွေက အရေးပေါ် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ လိုအပ်လာစေတယ်လို့လည်း ဖော်ပြပါတယ်။
အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ စိတ်ကျန်းမာရေး ဝေဒနာရှိသူတွေဟာ ကျန်းမာရေး ပြုစုစောင်ရှောက်မှုရရှိဖို့အတွက် အဟန့်အတားနဲ့ အန္တရာယ်များတဲ့အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ များပြားတာ၊ သောက်သုံးရေ မသန့်ရှင်းမှု၊ အိမ်သာမလုံလောက်တာနဲ့ ပုံမှန် ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစီအစဥ်တွေ အဟန့်အတား ဖြစ်စေတာတွေက ရောဂါကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကို သိသိသာသာ မြင့်တက်လာစေတယ်လို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။