ဧပြီလအတွင်း ကလေး ၁၆ ဦးအပါအဝင် ၁၂၀ ကျော် သတ်ဖြတ်ခံရကြောင်း AAPP ပြော

RFA Burmese
2024.04.30
ဧပြီလအတွင်း ကလေး ၁၆ ဦးအပါအဝင် ၁၂၀ ကျော် သတ်ဖြတ်ခံရကြောင်း AAPP ပြော စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပျဉ်းတော်ဦးရွာထဲသို့ စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Zalen

၂၀၂၄ ခုနှစ်၊ ဧပြီလ တစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ ကလေး ၁၆ ဦးအပါအဝင် အရပ်သား ၁၂၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေထဲ အမျိုးသား ၈၈ ဦးနဲ့ အမျိုးသမီး ၃၃ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းထဲမှာတင် သတ်ဖြတ်ခံရသူ ၃၈ ဦးရှိခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ဧပြီတစ်လအတွင်း သေဆုံးမှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၄၂ ဦးအထိရှိပြီး ဒါက သေဆုံးမှုတွေထဲ အများဆုံးလို့ ဆိုပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် သုံးနှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ ဖယ်ခုံမြို့ အနောက်ဘက်အခြမ်းကရွာတွေကို ပေါင် ငါးရာဗုံးလေးလုံး ကြဲချခဲ့ တာလို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောထားပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်အရ ဧပြီလအတွင်းမှာပဲ နိုင်ငံတစ်ဝန်းက အရပ်သား ၃၈ ဦးလည်း ဖမ်းဆီးခံထားရပြီး အဲဒီအထဲ အသက်ခြောက်နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့တဲ့ အရပ်သား ငါးထောင်နီးပါး (၄၉၅၇ ဦး) ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအချက်လက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။