မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှု စတင်


2015.06.02
china-border-620.jpeg မြန်မာနယ်စပ် တရုတ်နိုင်ငံ ယူနယ်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က တရုတ်အလံ စိုက်ထူထားစဉ်
Photo: AFP

PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်မှာ လေကြောင်း၊ ကြည်းကြောင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။ ဒီလေ့ကျင့်မှုစတင်ကြောင်း မြန်မာအစိုးရကိုလည်း အကြောင်းကြားထားပြီး ပြီးဆုံးမယ့်ရက်ကိုလည်း အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်တပ်မတော်ရဲ့ လှုပ်ရှားနိုင်မှု၊ တိုက်ခိုက်ရေးစွမ်းအင်၊ ရန်သူ့ပစ်မှတ် ရှာဖွေချေ မှုန်းနိုင်စွမ်း စတာတွေကို လေ့ကျင့်ဖို့ရည်ရွယ်ကြောင်း ချန်ဒူးဒေသအခြေစိုက် PLA စစ်ဒေသက ဗိုလ်မှူးကြီး တန်ဂျီဘင်းက ပြောကြားပါတယ်။

ဒီလေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို လေကြောင်းရန်ကနေ ကာကွယ်နိုင်ရေးအတွက် အရေးပါကြောင်းလည်း ဗိုလ်မှူးကြီး တန်ဂျီဘင်း က ပြောပါတယ်။

တရုတ်လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ ဒုံးပျံတပ်နဲ့ ရေဒါတပ်ခွဲတွေ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ပြီး ဒေသခံ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်အစိုးရနဲ့ ပြည်သူအရံအင်အားတွေလည်း ပါမယ်လို့ သိရပါတယ်။

ဒီစစ်ရေးလေ့ကျင့်နေတဲ့ ဒေသမှာ လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်ထားပြီး ဂန်မာနဲ့ ရှန်ကုန်းခရိုင်တွေအတွင်း ယာဉ်အဝင်အထွက်ကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။ တရုတ်ဒေသခံတွေအနေနဲ့ ဒီနေရာကို ဝင်ရောက်ခွင့်မရှိကြောင်းလည်း ကြေညာထားပါတယ်။

တရုတ်နယ်စပ်ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းက နမ့်ဆန်မြို့ထဲကို မြန်မာဘက်က လက်နက်ကြီးကျည်ရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရအပြီး ၂ လ ကျော်အကြာမှာ တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးမှာ အခုလို လာရောက်စစ်ရေးလေ့ကျင့်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။