တရုတ်စစ်ကော်မရှင်အဖွဲ့ မြန်မာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ
2013.07.23
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
မနေ့က မြန်မာနိုင်ငံကို ခရီးရောက်လာတဲ့ တရုတ်စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ကို မြန်မာစစ်တပ် အရာရှိတွေက ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
ဒီခရီးစဉ်ဟာ တရုတ်မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်တွေ့အကောင်ထည်ဖော်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနဲ့ စစ်တပ်အကြား နားလည်ချစ်ကြည်မှု တိုးပွားရေး၊ သဘောထားမျှဝေရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့တွေအတွက်ဖြစ်ကြောင်း မစ္စတာချန်လောင်းက ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။
တရုတ်နိုင်ငံအစိုးရ သတင်းဌာန ထုတ်ပြန်ချက်အရ မစ္စတာ ချန်လောင်းဟာ မြန်မာခရီးစဉ်အပြီး ထိုင်းနဲ့ ကာဇက်စတန်နိုင်ငံတွေကို ခရီးဆက်မယ်လို့ သိရပါတယ်။