ချင်းပြည်နယ်မှာ တိုက်ပွဲဆက်ဖြစ် ဒေသခံတွေ ထွက်ပြေးနေရ

2021.11.03
ချင်းပြည်နယ်မှာ တိုက်ပွဲဆက်ဖြစ် ဒေသခံတွေ ထွက်ပြေးနေရ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ် စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် (တောင်ပိုင်း) ၊ မင်းတပ် - မတူပီ - ပလက်၀ ကားလမ်းမကြီးတလျှောက်မှာ နိုဝင်ဘာလ ၂ ရက် မနေ့ကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ ချင်းကာကွယ်ရေးအဖွဲ့ (CDF ) နဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ် နေတာကြောင့် ရွာသုံးရွာလုံး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မတူပီ - ပလက်ဝလမ်းပိုင်းကြားမှာရှိတဲ့ ဝလံပီ (ရွာသစ်) နဲ့ (ရွာဟောင်း) အပါအဝင် တွီရှစ်ရွာက အိမ်ခြေ ၂၁၀ နီးပါးမှာနေထိုင်တဲ့ ဒေသခံတွေအကုန်လုံး နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေး နေရတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ (မတူပီ CDF) က ပြောပါတယ်။

“တွီရှစ်ရွာမှာဆိုရင် ရွာသားတွေ လုံးဝမရှိတော့ဘူး၊ အသစ်စက်စက် မူလွန်စာသင်ကျောင်းလေးလည်း လက်နက်ကြီးကျလို့ လုံးဝပျက်စီးသွားတယ်၊ ဝလံပီရွာကတော့ ရွာဟောင်းရော၊ ရွာသစ်ရော နှစ်ရွာလုံး ထွက်ပြေးကြရတယ်၊ စစ်သားတွေက သော့တွေကိုဖျက်ပြီး အိမ်ထဲကိုဝင်တာတွေလည်းရှိတယ်၊ အဲဒီ ဝလံပီရွာနားမှာပဲ သူတို့စခန်းချထားတယ်” လို့ မတူပီ CDF အဖွဲ့က ဆိုပါတယ်။

ရွာတွေထဲမှာ ဝင်ရောက်စခန်းချပြီး နေအိမ်တွေထဲကို သော့ဖျက်ဝင်ရောက်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အလားတူ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်လည်း လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မင်းတပ် - မတူပီ လမ်းမကြီးဘေးမှာ နေထိုင်တဲ့ မိသားစု ၁၀ စုခန့်က ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကလည်း မနေ့ကနေစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ အတည်ပြုပါတယ်။

“တိုက်ပွဲဖြစ်နေတာက မင်းတပ် - မတူပီလမ်းကြားမှာပါ၊ မနေ့ကတော့ စစ်တပ်က လမ်းဖောက်ဖို့ယူလာတဲ့ JCB မြေထိုးကားတစ်စီးကို ကျနော်တို့အဖွဲ့ မီးရှို့နိုင်ခဲ့တယ်၊ စစ်သား နှစ်ဦး ဒဏ်ရာရသွားတယ်၊ ဒီနေ့ အခုထိ ပစ်ခတ်နေတုန်းပဲ” လို့ ကိုယောမာန်က ဆိုပါတယ်။

တိုက်ပွဲအခြေအနေ တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ချင်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မေလကစပြီး ချင်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို လက်ရှိလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး လူနေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရတာ တွေကြောင့် ဒေသခံတွေ အားလုံးနီးပါး မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။