သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်အမှု ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ရဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အမှုနဲ့ပတ်သက်လို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဒီနေ့ အမှုစစ်အရာရှိကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ တရားရုံးရဲ့စစ်ဆေးမေးချက် အသေးစိတ်ကို မသိရသေးပါဘူး။ ရုံးချိန်းကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၂၉ ရက်ကို ချိန်းဆိုထားပြီး ရှာဖွေသက်သေ အရပ်သား နှစ်ဦးကို ဆက်လက်စစ်ဆေးဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒု-ရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ဇွန်လက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေတာတွေ၊ လက်နက်ကိုင်ဆောင်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေ ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေ အပြန်အလှန် ပေးတာတွေလုပ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ရတာလို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ချယ်ရီထက်က လူမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့ မတ်လအတွင်း “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့” ၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “ လွမ်းလိုက်တာအမေ ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲ တာဝန်ယူချိန် ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ရဲအုပ် ချယ်ရီထက်ကို သက်တော်စောင့်အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒု-ရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့ရသူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။