ချောင်းဦးမှာ စစ်ကောင်စီတပ်စခန်းလေးခု တိုက်ခိုက်ခံရ
2023.07.05
ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်း နေရာလေးခုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဇူလိုင်လ ၅ ရက် ဒီနေ့မနက် အစောပိုင်းမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
ချောင်းဦးမြို့ပေါ်အပါအဝင် ကံကြီးကုန်း၊ ကင်မွန်းတော်၊ တောပု ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေကို PDF တွေက တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးပြီး ပြန်လည်တိုက်ခိုက်နေတယ်လို့ ချောင်းဦးအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“၉ နာရီ ၅၀ မှာ ကံကြီးကုန်းဘက်ကို လေယာဉ်နဲ့လာပစ်သွားတယ် အဓိကတော့ ကံကြီးကုန်းစခန်းကို တိုက်ခိုက်တော့ PDF တွေ အဲဒီမှာရှိနေတယ်ဆိုပြီးတော့ လာပစ်တာ။ ဗုံးနှစ်လုံး ကြဲချသွားတယ်။ အထိအခိုက်တွေကို မသိရသေးဘူး”
ဒီအပြင် ချောင်းဦးမြို့နယ်အတွင်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်တွေကို စစ်ကူပေးဖို့ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်တပ်ရဲ့ရေယာဉ်ကိုလည်း ဆားလင်းကြီးမြို့နယ်ထဲက PDF တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရေယာဉ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ချင်းတွင်းမြစ်ဘေး ဆားခါးရွာက အရပ်သားတချို့ကို ဖမ်းဆီးပြီး ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒီတိုက်ပွဲတွေကြောင့် တောကျောင်းလေး၊ ဝယာ၊ ရှမ်းထူး၊ တောင်ဖီလာ၊ တပါယ်အင်း စတဲ့ရွာတွေက အရပ်သားတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။