မုံရွာ-မန္တလေးလမ်းပေါ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံး
2025.03.06

မုံရွာမြို့ကနေ မြင်းမူမြို့ကိုထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းတစ်နေရာမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၄ ရက်နေ့ညနေက မြင်းမူမြို့ကိုထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ သံပြားကာယာဉ်နှစ်စီး ချောင်းဦးမြို့ကို ဖြတ်သန်းချိန်မှာ CHUPDF နဲ့ ဒေသပူးပေါင်းမဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးဖော်ဆောင်နေချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့ မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုတာ သတိထားဖို့ CHUPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ပြည်သူတွေအနေနဲ့ မုံရွာ-မန္တလေးလမ်းမကြီးကို သတိထားအသုံးပြုကြဖို့၊ လမ်းမပေါ်မှာ စစ်ဆင်ရေးရှိတယ်၊ သတင်းကြားတာနဲ့ ရပ်နားထားကြဖို့နဲ့ ရပ်နားရာမှာ စစ်ကောင်စီအထိုင်စခန်းတွေနဲ့ဝေးရာမှာ ရပ်နားကြဖို့ သတိပေးလိုပါတယ်။ ဒီလမ်းမကြီးက သံပြားကာတွေကို မိုင်းဆွဲရင် ထိရောက်ဖို့ခက်ခဲတယ်။ အဲဒီမှာ သံပြားကာကားတွေမကြာခဏသွားနေတယ်။ ကျွန်တော်တို့ ချုံခိုတိုက်ခိုက်ခဲ့တာပေါ့ "
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ဒုဗိုလ်တစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေအများအပြားကို သိမ်းဆည်းနိုင်ခဲ့ပြီး သံပြားကာ ယာဉ်နှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီတိုက်ခိုက်မှုမှာ CHUPDF နဲ့အတူ ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း ၊ ရတနာပုံ ၊ Chindwin Brother အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ မုံရွာ-မန္တလေးလမ်းမကြီးကို သတိထားသွားလာကြဖို့ကိုလည်း CHUPDF အဖွဲ့က ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။