ချောင်းဦးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်မှာတော့ အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ချောင်းဦး (တောင်)၊ ရွာတော်လေးနဲ့ မှန်ချိုရွာတွေကို ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းက အခုမနက် ၇ နာရီလောက်မှာ ချောင်းဦးရဲ့ တောင်ဘက်က ရွာတွေကို မွှေနေတယ်။ ရွာတော်လေးကတော့ အခုမွှေပြီးသွားပြီ။ မီးရှို့တာတော့ မရှိသေးဘူး။ ရွာတော်လေးပြီးတော့ မှန်ချိုရွာကနေတစ်ဆင့် တောက်လျှောက် မွှေလိုက်နေပြီ။ အကုန်ထွက်ပြေးနေရတယ်"
လက်ရှိမှာတော့ စစ်ကြောင်းနဲ့ အနီးဆုံးရွာတွေဖြစ်တဲ့ ပေါက်၊ မယ်သဲကြိုးကွင်း၊ ညောင်ပင်တဲ၊ အင်းမ၊ ရှမ်းထူး၊ ချောင်းဦး(တောင်)၊ ရွာတော်လေးနဲ့ မှန်ချိုရွာတွေက ဒေသခံ ၅၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက်နေ့ကတည်းက ချောင်းဦးမြို့နယ်ထဲကို မုံရွာမြို့နယ်ဘက်ကနေ ဝင်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ရွာတွေကို တစ်ရွာဝင်၊ တစ်ရွာထွက် စီးနင်းနေပြီး တချို့ရွာတွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲက ခင်မွန်၊ အောင်ချမ်းသာ၊ ရှမ်းထူး၊ မယ်သဲကြိုးကွင်း၊ အင်းမ၊ ချောင်းဦး(တောင်)၊ ရွာတော်လေးနဲ့ မှန်ချိုရွာတွေကို ရွာစဉ်အလိုက် စီးနင်းခဲ့ပြီး ခင်မွန်ရွာမှာ နေအိမ် ၁၀ လုံး၊ မယ်သဲကြိုးကွင်းမှာ အိမ်အလုံး ၂၀ ခန့်နဲ့ အင်းမရွာမှာ အိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်ကို စစ်ကြောင်း စတင်ဝင်ရောက်စဉ် စီးနင်းခံခဲ့ရတဲ့ ခင်မွန်ရွာမှာ တုန်းကတော့ ဒေသခံ ၅၀၀ လောက်ကို ဘုန်းကြီးကျောင်းထဲမှာ စုဖမ်းခဲ့ပြီး စစ်ကြောင်း ပြန်ထွက်စဉ် အားလုံးကို လွှတ်ပေးခဲ့ပေမယ့် ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးအတွက် ပြင်ဆင်နေရတာကြောင့် ပြန်လည်ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
ဒီနေ့မနက်မှာပဲ ချောင်းဦးမြို့နယ်အစပ်၊ မြောင်မြို့နယ်၊ တမဆေးကန်ရွာကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ချောင်းဦးမြို့နယ်ထဲ ထပ်ဝင်လာရင် စစ်ကြောင်း နှစ်ကြောင်း ညှပ်ပူးညှပ်ပိတ်ဖြစ်နိုင်ပြီး ဒေသခံတွေ ပိုဒုက္ခရောက်နိုင်တယ်လို့ ဆိုကြပါတယ်။
ချောင်းဦးမြို့နယ်ထဲက အခုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီမြို့နယ်ကို မဝင်ခင် မုံရွာမြို့နယ်ထဲက မုံရွေးနဲ့ ကြေးမုံရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ စီးနင်းထားစဉ်မှာတော့ ရွာက နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။